♪ " ဒေါ်လာ ၂ဝဝ ကျော်တန် Windows 10 Laptops " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


ဆယ့်လေးလက်မအရွယ်အစားပြည့် Laptop ကွန်ပျူတာတစ်လုံးကို ဒေါ်လာ ၂ဝဝ ကျော်နဲ့ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီဈေးနဲ့ hardware ပိုင်းအမြင့်ကို မျှော်မှန်းလို့မရပေမယ့် RAM 2 GB Celeron 1.6 GHz processor ပါတဲ့ ဈေးချိုချို Laptop တွေဟာ နေ့စဉ်သုံးစာစီစာရိုက်၊ စာရင်းဇယားဆွဲတာတွေ လုပ်နိုင်ရုံတင်မကဘဲ အင်တာနက်ကို ပေါ့ပေါ့ပါးပါး သုံးနိုင်ပါလိမ့်မယ်။ Photoshop CS 3 လောက်ကိုနိုင်တာမို့ မဆိုးလှဘူးပြောရင်လည်း ပြောနိုင်ပါတယ်။ ဂိမ်းကြီးကစားတာနဲ့ ဗီဒီယိုတည်းဖြတ်တာတော့ သည်းခံပေါ့ဗျာ။ Laptop ကွန်ပျူတာလေးသုံးရရင် တော်ပါပြီဆိုသူတွေအတွက် အကောင်းဆုံးရွေးချယ်နိုင်မယ့် Budget Latop ကွန်ပျူတာတွေကို ဒီလိုတွေ့ရပါမယ်။

Acer Aspire Cloudbook 14
အကောင်းဆုံးနေရာမှာရှိနေတဲ့ ဆယ့်လေးလက်မအရွယ် Acer Aspire Cloudbook ဟာ ဈေးအနေနဲ့အများဆုံးပါ။ လောလောဆယ်အနေအထားမှာ ဒေါ်လာ ၂၅ဝ လောက် ပေးရပါလိမ့်မယ်။ တန်ဖိုးနည်းကွန်ပျူတာပီပီ အမွမ်းအမံ အပြင်အဆင်တွေ သိပ်လုပ်မထားပါဘူး။ အသုံးတည့်ဖို့ အဓိကထားတဲ့ Laptop တစ်လုံးပါ။ အပေါ်ဖုံးကို ခပ်ကြမ်းကြမ်းလေးဖြစ်အောင် လုပ်ပေးထားတာမို့ အကိုင်အတွယ်မြဲပါတယ်။ Dell inspiron ကွန်ပျူတာလိုမျိုး အရောင်တောက်တောက်ကြွားကြွား ပစ္စည်းတော့ မဟုတ်ပါဘူး။


အခုခေတ် Budget Laptop တွေက ဈေးလျော့ပေးထားပြီး အရွယ်ကိုပါ လျော့ထားတာပါ။ Asus နဲ့ Dell model တွေကိုကြည့်ရင် ဈေးချိုတယ်ဆိုပေမယ့် အရွယ်အစားက ထောင့်ဖြတ် ၁၁ လက်မပဲရှိတာပါ။ ဒါကြောင့် ၁၄ .၁ လက်မအရွယ် Acer Aspire ဟာ လုံလောက်တဲ့ ဆိုက်ပြည့်အရွယ်ဖြစ်ပါတယ်။ အရွယ်အစားပြည့်ဖြစ်တာတောင် ကီးဘုတ်ပေါ်က ကီးတွေဟာ ကြပ်ညှပ်နေတာမျိုး မရှိပါဘူး။ Touch pad ကလည်း ကျယ်ကျယ်လွင့်လွင့်သုံးလို့ရတဲ့ ပုံမှန်အရွယ်အစားရှိရပါတယ်။


ဈေးချိုတဲ့ကွန်ပျူတာမို့ ရုပ်ထွက်က အကောင်းစားကြီးမဟုတ်ပေမယ့် ပေးရတဲ့ဈေးနဲ့စာရင် ထိုက်တန်တဲ့ ကြည့်ကောင်းရုံ ရုပ်ထွက်ရပါတယ်။ ဈေးချိုတဲ့ Laptop တွေမှာ ရုပ်ထွက်အကောင်းဆုံးလိုချင်ရင်ဖြင့် နောက်ထပ် ငါးနှစ်စောင့်တောင်မလွယ်ပါဘူး။ Cloud book 14 ဟာ တခြားတန်ဖိုးနည်း Laptop တွေထက်စာရင် port တွေထည့်ပေးထားတာ နည်းပါတယ်။ USB port နှစ်ခုပဲ ပါပါတယ်။ ကံကောင်းတာက USB 2 ဖြစ်ပါတယ်။ အရွယ်အစားပြည့် HDMI port နဲ့ အသံနားထောင်ဖို့ head phone jackု ထည့်ပေးထားတာကိုဖြင့် ကျေးဇူးတင်ရပါတယ်။


Port နည်းတယ်ဆိုပေမယ့် SD Card slot တစ်ခုထည့်ပေးထားတာကြောင့်လည်း storage လိုင်းမှာ အထောက်အကူရပါတယ်။ အတွင်း eMMc 32 GB storage တစ်ခုတည်းသာဆိုရင် အလုပ်လုပ်ရတာ ကသိကအောင့်နိုင်ပါလိမ့်မယ်။ SD slot မှာ micro SD တွေကိုလည်း adapter ခံပြီး သုံးနိုင်ပါတယ်။ SD Card slot ကျေးဇူးကြီးတာလည်း အမှန်ပဲခင်ဗျ။ အတွင်း storage 32 GB ဟာ Windows လည်းထင်ပြီးရော 10 GB ပဲကျန်ပါတယ်။ Third party software အတော်အသင့်ပြည့်စုံအောင်တင်ပြီးရင် 5 GB ကျော်ကျော်ပဲကျန်မှာပါ။
Storage နည်းပါးတဲ့ အားနည်းချက်ကိုသိတာမို့ One Drive မှာ သိုလှောင်နိုင်စွမ်း 1 TB ပေးထားပါတယ်။ Office 365 personal ကိုလည်း အခမဲ့ တစ်နှစ်သုံးခွင့်ရပါမယ်။ Office 365 ရဲ့ နှစ်စဉ်ကြေးက ဒေါ်လာ ၈ဝ နီးပါးရှိပါတယ်။ storage တွေ အွန်လိုင်း service တွေ ဘယ်လိုပဲ အခမဲ့ပေးပေး SD card slot နဲ့ USB port တွေကြောင့်သာ ကွန်ပျူတာက လက်တွေ့အသုံးတည့်တာပါ။ အင်တာနက်ကို data ကြေးနဲ့ပေးသုံးရရင် အွန်လိုင်း storage တွေက သိပ်ပြီးအသုံးမတည့်ပါဘူး။ 


စွမ်းဆောင်ရည်ပိုင်းကို ကြည့်ရင် Cloudbook 14 ဟာ MS office သုံးရာမှာ အဆင်ပြေပါတယ်။ အင်တာနက် Web page တွေဝင်ပြီး ကြည့်ရာမှာလည်း ချောမွေ့ပါတယ်။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ နောက်ဆုံးပေါ် 3D ဂိမ်းတွေ ဂိမ်းကြီးတွေကစားဖို့ လုံးဝအဆင်မပြေနိုင်ပါဘူး။ ပါဝါစားသုံးတာကတော့ အရမ်းနည်းပါတယ်။ ဗီဒီယိုကို အဆက်မပြတ်ဖွင့်ပြီး စမ်းသပ်ချက်အရ ဘက်ထရီသက်တမ်း ၁၁ နာရီနဲ့ ၂ဝ မိနစ် ခံပါတယ်။ ဘက်ထရီ ၂ဝ ရာခိုင်နှုန်းချန်ပြီး အင်တာနက်သုံးမယ်ဆိုရင် ၈ နာရီသေချာပေါက်သုံးနိုင်တာမို့ လုံလောက်တဲ့အချိန်လို့ ပြောနိုင်ပါတယ်။ တွဲထည့်ပေးထားတဲ့ တရားဝင် MS office နဲ့ Windows တွေကြောင့် ပေးရတဲ့ဈေးနဲ့ အတော်လေးတန်တယ်လို့ ပြောရပါမယ်။ အသေးစိတ်ကို www.bit.ly/acer 407 မှာ ဝင်ကြည့်နိုင်ပါတယ်။

ASUS Transformer Book Flip TP 200 SA
သူကတော့ဒုတိယအကောင်းဆုံးနေရာမှာရှိတဲ့ Laptop ဖြစ်ပါတယ်။ Acer cloudbook ထက်စာရင် ဒေါ်လာ ၂ဝ နီးပါး ဈေးသက်သာပါတယ်။ ဒါပေမဲ့ screen အရွယ်အစားလည်း သေးသွားပါတယ်။ ကွန်ပျူတာအရွယ်ငယ်ငယ်နဲ့ ပေါ့ပေါ့ပါးပါးကိုသယ်ပြီးသုံးချင်ရင် သူ့ကိုရွေးနိုင်ပါတယ်။ Netbook တွေမြင်ဖူးမယ်ဆိုရင် ထောင့်ဖြတ် ၁၁ လက်မ screen ကို မဆိုးဘူးပြောလို့လည်း ရပါတယ်။ ဒီကွန်ပျူတာရဲ့ထူးခြားချက်က 2 in 1 laptop ဖြစ်နေတာပါ။ အပေါ် screen နဲ့ အောက်ဖက်ကီးဘုတ်ကို ပတ္တာတစ်ခုနဲ့ဆက်ထားပါတယ်။ အပေါ်ခြမ်းနဲ့အောက်ခြမ်းကို ခွဲထုတ်လိုက်ရင် အပေါ်ခြမ်းက တက်ဘလက်ဖြစ်သွားပါမယ်။ Touch screen စွမ်းဆောင်ရတဲ့ တက်ဘလက်ဖြစ်သလို Laptop လည်းဖြစ်ပါတယ်။ 


ဈေးချိုချိုကွန်ပျူတာဖြစ်တာနဲ့အညီ MS Office နဲ့ Web browsing က အဆင်ပြေပါတယ်။ ဘက်ထရီကတော့ Acer Cloudbook ထက်စာရင် ပြတ်ကျန်ခဲ့ပါတယ်။ ဗီဒီယိုဆက်တိုက်ဖွင့်ပြီး ဘက်ထရီကုန်တဲ့အထိ စမ်းတာမှာ ဘက်ထရီသက်တမ်း ၉ နာရီ ၁၃ မိနစ်ပဲရလို့ ဖြစ်ပါတယ်။ Screen သေးတဲ့ကွန်ပျူတာဖြစ်လို့ ကီးဘုတ်က သေးသွားတယ်။ ဒါကြောင့် စာရိုက်တဲ့အခါ ကီးတွေကြပ်ပါတယ်။ Touch pad နဲ့ Touch screen ကတော့ ကောင်းကောင်းအလုပ်လုပ်ပါတယ်

Toshiba Satellite 640-C
သူကတော့ တတိယနေရာမှာရှိတဲ့ ဈေးချိုချို Laptop ဖြစ်ပါတယ်။ Toshiba Satellite Laptop တွေဟာ နာမည်ကြီးစာရင်းဝင်ဖို့ ဒီကွန်ပျူတာကလည်း အခြေခံအဆင့်လုပ်ဆောင်ချက်တွေမှာ မညံ့ပါဘူး။ Acer Cloudbook ထက်စာရင် ၂၅ ဒေါ်လာလောက် ဈေးသက်သာပါတယ်။ Amazon reseller တွေဆီကပဲတစ်ဆင့် ဝယ်နိုင်တဲ့အားနည်းချက် ရှိပါတယ်။ ချီးကျူးစရာကောင်းတာက screen အရွယ်အစား ၁၄ လက်မဆိုက်ပြည့် ရှိတာပါ။ Spreadsheet နဲ့ အလုပ်လုပ်ရသူတွေ အွန်လိုင်းမှာ အလုပ်လုပ်ရသူတွေအတွက် သိပ်ပြီးအဆင်ပြေပါတယ်။ 


Hardware ပိုင်းမှာ Acer Cloudbook နဲ့အတော်လေးဆင်တူပါတယ်။ RAM 2 GB ရှိပြီး အတွင်း storage က eMMc 32 GB hard drive ဖြစ်ပါတယ်။ Hardware သုံးတာတူပေမယ့် Acer ထက်ကော Asus ထက်ပါ အလုပ်လုပ်ပုံနှေးပါတယ်။ ကောင်းတာလေးရွေးပြီးပြောရမယ်ဆိုရင် ဘက်ထရီသက်တမ်းကောင်းတာ ကို တွေ့ရပါတယ်။


ဗီဒီယိုဆက်တိုက်ဖွင့်ပြီး ဘက်ထရီသက်တမ်းကုန်တဲ့အထိစမ်းတဲ့အချိန်မှာ ဘက်ထရီအသုံးခံချိန် ဆယ့်တစ်နာရီခွဲလောက်ရပါတယ်။ အရောင်တင်ထားတဲ့ သတ္ထုကိုယ်ထည်ဟာ တခြားဈေးချိုချိုတွေထက် အမြင်မှာ ဆွဲဆောင်မှုရှိပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment