Folder Options ဆိုတာ Windows ထဲမှာ အထိုက်အလျောက်အရေးပါ ပါတယ်။
ဒါပေမဲ့ သာမန်ကိစ္စအတွက် လူသုံးနည်းတယ်။ Folder Options
ရှိမှန်းမသိတဲ့လူတောင် အတော်များပါတယ်။ Folder Options ကို
ကွန်ပျူတာသာမန်အသုံးပြုသူတွေ သိပ်မသုံးပါဘူး။ လုံခြုံရေးကို အလေးထားတဲ့
power user တွေပဲ အသုံးများပါတယ်။ ကောင်းပြီ folder options က
ဘယ်နားမှာရှိသလဲ။ သူက ဘာတွေလုပ်ပေးနိုင်သလဲ။
Folder Options ဟာ Windows XP မှာအထိတော့ Explorer Windows ထဲမှာ ရှိပါတယ်။ Explorer Windows ဆိုတာက My Computer ကို ဘယ်ကလစ်နှစ်ချက်နှိပ်လိုက်ရင် ပေါ်လာတဲ့ Windows ဖြစ်ပါတယ်။ အဲဒီနေရာကနေ ကွန်ပျူတာတစ်လုံးမှာရှိတဲ့ ဖိုင်တွေ folder တွေဆီ လှည့်ပတ်သွားလာနိုင်ပါတယ်။ Explorer Windows ရဲ့ Tools Menu အောက်မှာ folder option ရှိခဲ့တယ်။ ဒါက Windows XP မှာပါ။ Windows Vista ကနေ နောက်ပိုင်းရောက်တော့ folder options ဟာ control panel ထဲမှာ သီးခြား section တစ်ခုအနေနဲ့ ရောက်သွားပါတယ်။
Folder options ရဲ့ အဓိကအသုံးဝင်မှုကတော့ ကွန်ပျူတာထဲက အရေးကြီး folder တွေကို မသက်ဆိုင်သူတွေ အလွယ်တကူ မတွေ့နိုင်စေဖို့ပါပဲ။ ဘဏ်နဲ့ပတ်သက်တဲ့ folder ၊ ဆေးမှတ်တမ်း folder စတာမျိုးတွေပေါ့။ ကိုယ့်ကွန်ပျူတာကို ခင်ရာမင်ရာသူငယ်ချင်းတွေ၊ ရုံးကလုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် အိမ်သားတွေကို ပေးသုံးရတာမျိုး ရှိတတ်ပါတယ်။ Folder options ကို ကောင်းကောင်းသုံးတတ်ရင် သူတို့တတွေ ဒီဖိုင်တွေကို မမြင်နိုင်ပါဘူး။ ဒီဖိုင်တွေထဲ အလွယ်တကူဝင်သွားဖို့ မဖြစ်နိုင်ပါဘူး။
Folder ကို သူများအလွယ်တကူမမြင်ရအောင် ဖျောက်ချင်သလား။ လွယ်ပါတယ်။ အဲဒီ folder ပေါ်မှာ ညာကလစ်ထောက်ပါ။ ပြီးရင်ပေါ်လာတဲ့အကွက်ထဲက properties နေရာမှာ ကလစ်ထပ်နှိပ်ပါ။ ပြီးရင်နောက်ထပ်ပေါ်လာတဲ့အကွက်ထဲက Hidden ဘေးက လေးထောင့်ကွက်နေရာမှာ အမှန်ခြစ်ပေါ်အောင် ကလစ်နှိပ်ပါ။ ပြီးရင် အောက်ဘက်က apply နေရာမှာ ကလစ်နှိပ်ပါ။ Confirm attribute changes windows ပေါ်လာရင် Apply Changes to the folder, subfolders and files ကို ရွေးပေးပါ။ Folder တစ်ခုအောက်မှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို အသေအချာဖုံးကွယ်ထားနိုင်စေဖို့ ဖြစ်ပါတယ်။ ပြီးရင် OK မှာ ကလစ်နှိပ်ပါ။
မျက်လှည်ပြတယ်လို့ထင်ရလောက်အောင် ကွန်ပျူတာမြင်ကွင်းကနေ အဲဒီ folder ပျောက်သွားပါတယ်။ Folder ပျောက်သွားလို့ ဘယ်နားလိုက်ရှာရမလဲလို့ စိတ်တော့မပူပါနဲ့။ Folder options menu ကတစ်ဆင့် အဲဒီ folder ကို အလွယ်တကူ ပြန်ဖော်နိုင်ပါတယ်။ အဲဒီ menu ကိုခေါ်ဖို့အတွက် start နေရာမှာ ကလစ်နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့ အကွက်ငယ်လေးထဲမှာ folder options ဆိုပြီး ရိုက်ထည့်ပါ။ ပြီးရင် Enter ခေါက်ပါ။ Folder option အကွက်ပေါ်လာပြီဆိုရင် view tab ကို နှိပ်ပါ။ ပြီးရင် show hidden files, folders and drives ကိုရွေးပါ။ ပြီးရင် apply နေရာမှာ ကလစ်နှိပ်ပါ။ ဖျောက်ထားတဲ့ folder ပြန်ပေါ်လာပါမယ်။ အဲဒီ folder ကို ပြန်ဖျောက်ချင်ရင် အဲဒီက menu ကို ပြန်ခေါ်ပြီး menu ထဲက Don't show hidden files folder or drives ကို ရွေးပေးရပါမယ်။
Folder option ကို အသုံးတတ်ရင် ဖိုင်နဲ့ folder တွေကို ကလစ်တစ်ချက်နဲ့ ဖွင့်နိုင်ပါတယ်။ Folder တွေ document တွေ program တွေကို ဘယ်ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ရမယ့်အစား ဘယ်ကလစ်တစ်ချက်နဲ့ ဖွင့်လို့ရအောင် folder options သုံးပြီး လုပ်နိုင်ပါတယ်။ Website မှာ link ပေးထားတာကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးသလိုပေါ့။ ဒီလိုလုပ်ဖို့အတွက် start မှာ ကလစ်နှိပ်ပါ။ ပေါ်လာတဲ့အကွက်ထဲမှာ folder options ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပြီးရင် single click to open an item option ကို ကလစ်နှိပ်ပြီး ရွေးချယ်ပေးရပါမယ်။
အဲဒီနေရာကနေပြီးတော့ whether all file and folders are permenenty underlined ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Website တွေထဲမှာ link ပေးတဲ့အခါ အောက်ကလိုင်းသားထားသလိုပေါ့။ Under Line icon titles consistent wiht my browser ကို ရွေးရင်ရွေး၊ ဒါမှမဟုတ် underline icon titles only when I point at them ရွေးရင်ရွေး တစ်ခုခုကို ရွေးနိုင်ပါတယ်။ ပထမတစ်ခုကို ရွေးထားရင် ဖိုင်နဲ့ folder တွေအောက်မှာ မျဉ်းသားပေးထားမှာဖြစ်ပြီး ဒုတိယတစ်မျိုးကိုရွေးရင် ဖိုင် ဒါမှမဟုတ် folder တစ်ခုအပေါ်မှာ mouse cursor ဖြတ်တင်လိုက်တာနဲ့ အောက်မှာမျဉ်းသားပြီး ဖြစ်သွားပါမယ်။
Folder options ကို အသုံးတတ်ရင် ပြီးခဲ့တဲ့တစ်ခေါက် ကွန်ပျူတာအပိတ်မှာ shut down ချခဲ့တဲ့ folder တွေကို နောက်တစ်ခေါက် ကွန်ပျူတာပြန်အပွင့်မှာ အလွယ်တကူပြန်ပြီးဖွင့်နိုင်ပါတယ်။ အမြဲတမ်း ဖွင့်လေ့ ပိတ်လေ့ရှိတဲ့ folder တွေ (ဥပမာပြောရရင် my documents နဲ့ pictures folder လိုဟာမျိုးတွေပေါ့) ကို နောက်တစ်ကြိမ် Window ပြန်တက်တဲ့အခါ အလိုအလျောက်ပြန်ပြီးဆွဲတင်ဖွင့်ပေးအောင် folder options ကနေဆောင်ရွက်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် folder options ကို ခေါ်တင်ပါ။ ပြီးရင် view tab ကို ကလစ်နှိပ်ပြီး ဖွင့်ပါ။ ပြီးရင် Restore previous folder windows at logon ဆိုတဲ့ option ကိုရွေးပြီး Apply နေရာမှာ ကလစ်နှိပ်ပေးရပါမယ်။
File extension တွေဖော်ပြီးကြည့်နိုင်တာကတော့ folder options ရဲ့ အထူးခြားဆုံးအချက်ဖြစ်ပါတယ်။ Windows သုံးတဲ့လူများ သတိထားမိမယ်ထင်ပါတယ်။ Explorer Windows ကိုဖွင့်ကြည့်ရင် ဖိုင်တွေနောက်မှာ extension လုံးဝမပါတာတွေ့ရပါမယ်။ Word application ရဲ့ဖိုင်နာမည်ဟာ word.exe ဖြစ်ပါတယ်။ Word ဖိုင်တစ်ခုရဲ့အမည်ဟာ xx.doc ဒါမှမဟုတ် xx.doc ဖြစ်ရပါမယ်။ Extension မပါလည်း ဖိုင်တွေကို သုံးလို့ရနေတာပဲ မဟုတ်ဘူးလား။ ဟုတ်ကဲ့ ရပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ဝင်ပြီး ဗိုင်းရပ်စ်က word application အယောင်ဆောင်နေပြီ ဆိုပါစို့။ ဖိုင်နှစ်ခုတွေ့ရမယ်။ နှစ်ခုစလုံးက word ဆိုတာတွေချည်းပဲ။ သူ့ကိုညွှန်းတာကလည်း application ဆိုတာချည်းပဲ။ ဘယ်ဟာအစစ်၊ ဘယ်ဟာအတုကို ဘယ်လိုလုပ်ပြီး ခွဲကြမလဲ။
ဖိုင်သာအတုလုပ်လို့ရပြီး extension ကို အတုလုပ်ဖို့ကိစ္စဟာ ဗိုင်းရပ်စ်တွေမှာ မလွယ်တဲ့အတွက် extension ကြည့်ပြီး ခွဲရပါတယ်။ ပုံစံမကျတဲ့ extension ပေးထားတဲ့ဖိုင်ကို အတုဆိုပြီး ဖျက်ပစ်ရပါတယ်။ ဒီလို extension ဖော်ပြတဲ့ကိစ္စဟာ ကွန်ပျူတာလုံခြုံရေးအတွက် ကောင်းပါတယ်။ ဒါ့အပြင် BMP, JPG, PNG စတဲ့ format အမျိုးမျိုးနဲ့ ရှိတဲ့ပုံရိပ်ဖိုင်တွေကို ခွဲခြားရာမှာလည်း လွယ်ကူစေပါတယ်။ ဒါကြောင့် extension တွေပေါ်ဖို့ folder option ကို ခေါ်တင်ပါမယ်။ ရှေ့မှာပြောခဲ့လို့ start ကနေ ခေါ်တင်ချင်လည်း ရတယ်။ Control Panel ဒါမှမဟုတ် Tools menu ကခေါ်တင်လို့လည်း ရပါတယ်။ ကိုယ် OS version အပေါ်မူတည်ပါမယ်။ Folder options box တက်လာပြီဆိုရင် view tab ကိုနှိပ်ပါ။ ပြီးရင်ပေါ်လာတဲ့မြင်ကွင်းထဲကနေ Hide extension for know file types ကို သွားပါ။ ဒီစာသားဘေးက အကွက်မှာ အမှန်ခြစ်ပေါ်နေရင် ဖြုတ်ပေးလိုက်ပါ။ ပြီးရင် အောက်က Apply မှာ ကလစ်နှိပ်ပါ။ ရှိရှိသမျှဖိုင်တွေနောက်မှာ သက်ဆိုင်ရာ extension ပေါ်လာပါမယ်။
Folder option ကိုသုံးပြီး ဖိုင်တွေကို ထူးခြားတဲ့ Thumbnail နဲ့ ပြအောင်လည်း ဖန်တီးနိုင်တယ်။ သာမန်အတိုင်းဆိုရင် library ထဲက pictures, video စတဲ့ ဖိုင်လိုဟာမျိုးကလွဲပြီး သာမန် explorer windows ထဲက ဖိုင်တွေကို အရုပ်ပုံတွေ၊ ဗီဒီယိုတွေပါသည့်တိုင်အောင် သမားရိုးကျဖိုင် icon နဲ့ပဲ ပြပါမယ်။ Music, picture, video တွေကို သီးခြား icon လေးတွေနဲ့ လှလှပပပြရင် ပိုကောင်းတာပေါ့။ ဒီလိုလုပ်ဖို့အတွက် သက်ဆိုင်ရာ folder မှာ ညာကလစ်နှိပ်ပါ။ ပြီးရင် properities ကိုရွေးပါ။ ပေါ်လာတဲ့အကွက်ထဲက customize tab ကိုနှိပ်ပြီး ဖွင့်ပါ။ ပြီးရင် ကိုယ်ရွေးထားတဲ့ folder နဲ့ ဆီလျော်တဲ့ နာမည်ရွေးပေးပါ။ ဥပမာပြောရရင် optimize this folder for ဆိုတဲ့ စာသားအောက်မှာ pictures ဆိုတဲ့ စာသားကို dropdown menu ထဲက ရွေးပေးတာမျိုးဖြစ်ပါတယ်။
နောင်စိုး (ထားဝယ်)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

www.pyaephyo.com
0 comments:
Post a Comment