ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ကို "ဝ" ပြည်တပ်မတော် အာမခံ



ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ၀ပြည်တပ်မတော် အာမခံ
------ ------ ------ ------ ------

ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ကတိပြုအာမခံခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)တွင် လက်မှတ်မရေးထိုးရသေးသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အမျိုးသားမဟာမိတ်တပ်မတော်(NDAA)မိုင်းလားအဖွဲ့ဥက္ကဌ ဦးစိုင်းလင်းတို့ အဖွဲ့နှင့် ဇူလိုင် ၂၉က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တွေ့ဆုံအပြီးတွင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၀”သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ အထဲမှာ ရှိတဲ့ အစိတ်အပိုင်းတခုလို့ သူတို့က ခံယူတယ်။ နောက် မြန်မာနိုင်ငံကနေ ခွဲမထွက်ဘူးပေါ့။ ခွဲမထွက်ဘူးဆိုတဲ့ ကတိက၀တ်ကို အာမခံချက်ကို ပြောတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် ၂၁ရာစုပင်လုံညီလာခံနှင့်ပတ်သက်ပြီး ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အနေဖြင့် မည်သို့သဘောထားရှိသည်ကိုပါ ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်ဟု ဦးဇော်ဌေးက”ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ရေး Peace Process နဲ့ ပတ်သက်ပြီးတော့ ၂၁ ရာစု ပင်လုံအပေါ်မှာ သူတို့က မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ပင်လုံစိတ်ဓါတ်နဲ့ တိုင်းပြည်ကို စုစည်း တည်ဆောက် တဲ့ ပုစံမျိုးနဲ့ ဒီနေ့ပေါ့ ၂၁ ရာစု ပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်မယ့်အပေါ်မှာ သူတို့က အဲဒီအပေါ်မှာလည်း မျှော်လင့်ချက် ကြီးကြီး မားမားထားတယ်။” ဟုပြောသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA/UWSP)မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် အမျိုးသားမဟာမိတ်တပ်မတော်(NDAA)မိုင်းလားအဖွဲ့ဥက္ကဌ ဦးစိုင်းလင်းတို့သည် ယနေ့နေ့လည်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး နယ်မြေငြိမ်းချမ်းရေးကိစ္စများဆွေးနွေးခဲ့ကြသည်ဟု သိရသည်။






0 comments:

Post a Comment