♪ “MPT နှင့် NLD တို့ ပူးပေါင်းသည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်စတင်” ♫


သုံးစွဲသူသန်း ၂၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT က အခွင့် အလမ်းနည်းပါးသည့် ကျောင်းသား လူငယ်များအတွက် အကျိုးပြုလူမှုရေးလုပ်ငန်းဖြစ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့တွင် သတင်းထုတ် ပြန်ကြေညာလိုက်သည်။

MPT အနေဖြင့် အဆိုပါအစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပညာရေးကွန်ရက် နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိအောင်မြင်စွာဆောင်ရွက်နေ သည့် ကွန်ပျူတာပညာရေးအစီအစဉ် ကို တိုးချဲ့ ဆောင်ရွက်ခြင်း ဖြစ်သည် ဟုလည်း သိရသည်။ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပညာဒါန ကျောင်း (၁၀)ကျောင်းသို့ Dell Laptop အလုံး ၂၀၀၊ wifi Internet Router နှင့် သင်တန်းဆရာ (၅)ဦး၊ စုစုပေါင်း ငွေကျပ်သန်း ၁၅၀ ကျော် လှူဒါန်းသွားမည် ဟုသိရသည်။

နယ်မြို့ များ၊ မြို့ပြဆင်ခြေဖုန်းဒေသ ရပ်ကွက်များရှိ ကျောင်းသား လူငယ်အများစုမှာ ကွန်ပျူတာနှင့်ပတ်သက် သည့် အခြေခံ အသိပညာ များကို စာသင်ကျောင်းများ တွင် မသင်ကြားခဲ့ရဘဲနောက်ဆက်တွဲ အဖြစ် အလုပ်အကိုင်ကောင်းများရရှိရန် အခွင့်အလမ်းနည်းပါးလေ့ရှိသည်။

အနာဂတ်လူငယ်များထံ နည်းပညာနှင့် ပညာရေးအခွင့်အလမ်းများ ထောက်ပံ့ ပေးရန် ရည်ရွယ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှာ မြို့ပြနှင့်အလှမ်းဝေးသည့် နေရာဒေသများမှ လူငယ်လူရွယ်များကိုပါ ပညာရေးတွင် နောက်ကျမကျန်ရစ်ခဲ့စေရန် ရည်ရွယ်သည်ဟုလည်း သိရသည်။ ကျောင်းသားလူငယ်များအတွက် ကွန်ပျူတာနှင့်ဆက်စပ်ပညာရပ်များ လွယ်လင့်တကူ သင်ယူနိုင်ရန် NLD ပညာရေးကွန် ရက်က “အမေ့အိမ်” ပညာ ဒါနကျောင်းများတွင် ကွန်ပျူတာသင်တန်းများကို လွန်ခဲ့သည့်တစ်နှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ ၇၅၀ ထက်မနည်းသင်တန်းများ ပြီးမြောက် အောင်မြင်ခဲ့၍ အလုပ်အကိုင်ရှာဖွေ နိုင်စွမ်းများလည်း တိုးတက်လာခဲ့သည် ဟုသိရသည်။ အဆိုပါအစီအစဉ် ပိုမို၍အောင်မြင်နိုင်စေရန်နှင့် လူငယ်လူ ရွယ်များ၏ စွမ်းရည်တိုးတက်လာစေရန်အတွက် ပံ့ပိုးကူညီမှုများလည်း လိုအပ် နေပါသည်ဟု ဆိုသည်။

MPT ၏ထောက်ပံ့ကူညီမှုဖြင့် NLD ပညာရေးကွန်ရက်၏ ယခုအစီအစဉ်မှာ အခြားနေရာဒေသများသို့လည်း ပိုမိုချဲ့ထွင်နိုင်ခဲ့သောကြောင့် ကွန်ပျူတာ ကျွမ်းကျင်မှုများကို လူငယ်များပိုမိုရရှိနိုင်တော့ မည်ဖြစ်သည်။ MPT-KSGM ၏ Chief Executive Officer ဖြစ်သူ Mr.Takashi Nagashima က “MPTဟာ မြန်မာနိုင်ငံ တိုးတက်မှုမှာ တစ်တက်တစ်အားပါဝင်နေတဲ့အလျောက် အမှန် တကယ်လိုအပ်နေသူတွေက အရင်က အကူအညီမရခဲ့တဲ့သူတွေဆီကို အတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းလမ်း တွေနဲ့ ပံ့ပိုးပေးခြင်းအား ဖြင့် ခေတ်နောက်ကျကျန်ရစ်သူမရှိအောင် ကြိုးစား လျက်ရှိပါတယ်။

ကျွန်တော်တို့လုပ်ဆောင်နေတဲ့အထဲမှာ နည်းပညာ တိုးတက် မှု၊ ဆက်သွယ်ရေးနဲ့မြန်မာနိုင်ငံသူနိုင်ငံ သားတွေဟာ အဓိကနေရာက ပါဝင် နေပါတယ်။ ဒါ ကြောင့်မို့လို့ အခုလို NLD ပညာရေးကွန်ရက်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ဒီလူမှုအကျိုးပြုလုပ်ငန်းဟာ အဓိပ္ပာယ် ပြည့်စုံနေပါပြီ။

Laptop computer အလုံး ၂၀၀ နဲ့ အရေးပါတဲ့ Wi-fi Internet ချိတ်ဆက်မှုတွေ၊ ကျွမ်းကျင်မှု ရရှိအောင် သင်တန်းပို့ချတာတွေကို တကယ်တမ်းလိုအပ်နေသူ တွေဆီ အရောက်ပို့ပေးခြင်းအားဖြင့် မြန်မာလူ ငယ်လူရွယ်တွေဟာ သူတို့ ဒေသကနေသွားစရာမလိုဘဲ မြို့ကြီးပြကြီးက လူငယ်တွေနဲ့တူညီတဲ့ အခွင့် အရေး တွေရရှိနိုင်ပြီး သူတို့ရဲ့ဘ၀တိုးတက်ဖို့အတွက် အရေးပါတဲ့ခြေလှမ်းကို စလှမ်းနိုင်တော့မှာဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။

“အမေ့အိမ်” အခမဲ့ပညာဒါနကျောင်းများကို ၂၀၁၀ ခုနှစ်မှ စတင် တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း အတွင်း ကျောင်းပေါင်း ၁၀၄ ကျောင်း ကိုဖွင့်လှစ်နိုင်ခဲ့ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ပညာဒါနကျောင်း ၁၀၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့ကာ စေတနာ့ ၀န်ထမ်းဆရာ၊ ဆရာမပေါင်း ၂၀၀၀ ကျော်က မူလတန်းမှ အထက်တန်း ထိရှိသည့် ကျောင်းသား ၂၀၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ တစ်နှစ်လျှင်အနည်းဆုံး ကျောင်းသားဦးရေ ၆၀၀ ကျော် ကွန်ပျူတာဆိုင်ရာပညာရပ်များသင်ယူနိုင် မည်ဖြစ်ကြောင်း ခန့်မှန်းထားသည် ဟုလည်း သိရသည်။

လှူဒါန်းသွားမည့် သင်တန်းကျောင်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်မြို့နယ်၊ တောင်ဒဂုံ (၇၂) ရပ်ကွက်၊ သန်လျင်မြို့နယ်တွင် မြို့မတောင်ရပ်ကွက်နှင့် ဘုရားကုန်းကျေးရွာ၊ လမ်းမတော်မြို့ နယ်၊ ကျောက်တံ တားမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် သုံးခွမြို့နယ်တို့အပြင် မွန်ပြည်နယ် သထုံမြို့နယ် စသည် တို့ရှိ NLD ပညာရေးကွန်ရက်ကျောင်းများသို့ လှူဒါန်း သွားမည်ဖြစ်သည်။

ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment