♪ " Pokémon GO ထက် ပိုကောင်းမယ့် နည်းပညာသစ်ကို တီထွင်နေတဲ့ အက်ဘီဒါဗစ် " ♫


ဆောင်းပါးရှင် - မိုးမခ
ပကတိလို ထင်မှတ်လောက်အောင် အပွားခတ်ထားတဲ့ Pokémon GO ဂိမ်းဟာ လောလောဆယ် မိုဘိုင်းဂိမ်းတွေထဲမှာတော့ လူစုလူဝေးနဲ့ အလှုပ်ခတ်ဆုံးဖြစ်နေတဲ့ ကမ္ဘာကျော်ဂိမ်းတစ်ခုဖြစ်နေပါပြီ။ ကွန်ပျူတာ သိပ္ပံလောကကြီးမှာ ခေတ်ရှေ့ပြေးဖြစ်လာတဲ့ နည်းပညာသစ်တစ်ခု လူအများရှေ့မှောက်ချပြရာမှ ပကတိအတွေ့အကြုံသစ်တွေကို အနာဂတ် ဂိမ်းလောကသစ်တစ်ခုဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့သဘောလို့ ဆိုရမှာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ စိတ်ကူးသစ်နည်းပညာဟာ Pokémon GO ကဲ့သို့ စိတ်ကူးသစ် စရိုက်လက္ခဏာသက်ဝင်တဲ့ ဂိမ်းသစ်များကို ဖန်တီးပေးနိုင်သလို လောကမြေပြင်မှာ ပကတိအားဖြင့် တည်ရှိနေတဲ့ အရာဝတ္ထုတွေကို ဘယ်ပုံဘယ်နည်း ဖော်ထုတ်အသုံးချမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းများကို ပိုမိုအကောင်အထည်ပေါ်လာအောင် အထောက်အကူပြုဖွယ်ရာ ရှိပါတယ်။

စိတ်ကူးသစ် နည်းပညာဆိုတဲ့သဘောက ဗီဒီယိုရိုက်ကွင်းထဲမှာ အပြန်အလှန်တုံ့ပြန်နိုင်စွမ်းရှိတဲ့ ရွေ့လျားနေတဲ့ စွမ်းရည်တစ်ခုကို အသုံးပြုပြီး ပင်ကိုယ်သဘာဝအတိုင်းရှိနေတဲ့ အရာဝတ္ထုတွေကို ဗီဒီယိုရဲ့ လျင်မြန်စွာ လှုပ်ရှားမှုကိုအခြေခံတဲ့ ဖန်တီးမှုကို တီထွင်ဖော်ထုတ်ပြသတာမျိုး ဖြစ်ပါတယ်။ သုံးဖက်မြင်ရုပ်လုံးကြွ ဖန်တီးထားတဲ့အရာဝတ္ထုတွေဟာ အမှန်တကယ်အလား ထင်ယောင်ထင်မှားဖြစ်စေအောင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြည့်စွက်ဖန်တီးထားသော ဂိမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂိမ်းတွေထဲမှာ တွေ့မြင်ရတဲ့ ပြင်ပလောကမှာ တကယ်ရှိနေတဲ့ တံတားကြီးတွေ၊ အဆောက်အအုံကြီးတွေဟာ ဒီလိုဖြည့်စွက်ဖန်တီးမှု နည်းပညာအရ ပြိုကျပျက်စီးခြင်းကို မျက်မြင်အားဖြင့် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုသဘောတရားမျိုးကို အခြေခံတဲ့ Pokémon GO ဂိမ်းဟာ အပြင်လောကမှာရှိနေတဲ့ နဂိုပကတိ အရာဝတ္ထုတွေနဲ့ ဂိမ်းရဲ့ဇာတ်ကောင်များကို ရောနှောမွှေနှောက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားလာတဲ့ ဒီဂိမ်းသစ်ရဲ့ကျေးဇူးကြောင့် ကွန်ပျူတာအခြေခံတဲ့ ဖန်တီးမှုအသစ်များဟာ ရုပ်ရှင်တွေ၊ ရုပ်သံဖန်သားပြင်တွေပေါ်ကို ရောက်ရှိလာဖွယ်ရာရှိပါတယ်။ ဒါကြောင့် ဒီဂိမ်းသစ်ကလေးရဲ့သက်တမ်း သို့မဟုတ် နည်းပညာသစ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး ဂိမ်းလောကကို ဖမ်းစားထားဦးမှာ ဖြစ်သလို ရုပ်ရှင်နဲ့ရုပ်သံလောကကိုပါ ခုန်လွှားကူးစက်လာနိုင်တာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ သုံးဖက်မြင်ရုပ်လုံးကြွ ဂိမ်းဇာတ်ကောင်တွေဟာ လူသားတွေရဲ့ မျက်မြင်ဝန်းကျင်အနှံ့မှာ ပြန့်ပွားလှုပ်ရှားနေတာကို တွေ့မြင်နေရဦးမှာ ဖြစ်ပါတယ်။ သုံးဖက်မြင်ရုပ်လုံးကြွ သွင်ပြင်လက္ခဏာရှိတဲ့ ဇာတ်ကောင်တွေ လှုပ်ရှားမှုတွေကို သရုပ်ဖော်ဖန်တီးရတာဟာ တကယ်တော့ စရိတ်စက အလွန်များပြားတာဖြစ်ကြောင်း၊ အားလုံးသောအရာဝတ္ထုမှန်သမျှကို အကုန်အကျများစွာဖြင့် ဖန်တီးရတာဖြစ်ကြောင်း တီထွင်ထုတ်လုပ်သူများက ပြောဆိုကြပါတယ်။ အပြန်အလှန်အားဖြင့် သွက်လက်မြန်ဆန်တဲ့ ရွေ့လျားမှုစနစ်ဟာဗီဒီယိုဂိမ်းများရဲ့လိုအပ်ချက်တစ်ခုကို ပေါင်းကူးဆက်စပ် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အက်ဘီဒါဗစ်က ပြောဆိုပါတယ်။ ဒီပုဂ္ဂိုလ်ဟာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်ပြီး အပြန်အလှန် တုံ့ပြန်ရွေ့လျားမှုဆိုင်ရာ နည်းပညာကို ရှာဖွေခဲ့သူဖြစ်ပါတယ်။ အက်ဘီဒါဗစ်က သူ့အနေနဲ့ ဒီနည်းပညာကို စတင်စမ်းသပ်ရှာဖွေရာမှာ နည်းပညာရဲ့ လုပ်ဆောင်ချက်ဟာ အံ့သြလောက်အောင်ပင် ကောင်းမွန်နေတာကို တွေ့ရှိရကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အက်ဘီဒါဗစ်ရဲ့ပြောဆိုချက်အရ ကင်မရာကိုအသုံးပြုပြီး နည်းပညာသစ်ရဲ့ သဘောသဘာဝကို အသေးစိတ်လေ့လာတဲ့အခါ အရာဝတ္ထုတစ်ခုရဲ့ သာမန်မျက်စိနဲ့ မတွေ့မြင်နိုင်တဲ့ လှုပ်ရှားမှုများကို တွေ့မြင်ရကြောင်း၊ အမှန်အားဖြင့် အရာဝတ္ထုတွေဟာ သူ့ရဲ့ပင်ကိုယ်အနေအထားအရ အမြဲတမ်းလိုလိုပင် လှုပ်ရှားမှုရှိနေတာဖြစ်ကြောင်း၊ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် အလုံပိတ်ထားသော အခန်းတွင်းမှာပင် သဘာဝလေဟာ ရှိနေတာဖြစ်ကြောင်း၊ အရာဝတ္ထုတစ်ခုဟာ သူ့ရဲ့ပင်ကိုယ်သဘာဝအရ လှုပ်ရှားနိုင်တဲ့နည်းလမ်းများစွာရှိနေကြောင်း ဤအချက်မှာ ကွန်ပျူတာများအတွက် ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ကျကျ တုံ့ပြန်နိုင်တဲ့ အပြန်အလှန် အကျိုးကျေးဇူးပြုမှုကို ရရှိကြောင်း၊ အရာဝတ္ထုအားလုံးလိုလိုပင် သူတို့ရဲ့ ပင်ကိုယ်သွင်ပြင်လက္ခဏများကို ပြောင်းလဲခြင်းမရှိဘဲ လှုပ်ခါရွေ့လျားမှုပြုနိုင်သော စွမ်းရည်များရှိနေကြောင်း အက်ဒါဗစ်က အသေးစိတ်ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အက်ဘီဒါဗစ်ဟာ သူ့ရဲ့ရွေ့လျားမှုထိန်းချုပ်ခြင်း နည်းပညာကို အရာဝတ္ထုအမျိုးမျိုးနဲ့လည်း စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ အရာဝတ္ထုတွေဟာ လိုသလိုရွေ့လျားနိုင်အောင် သူ့ရဲ့ကွန်ပျူတာမောက်စ်ကနေပြီး ကလစ်အနည်းငယ်ကို အသုံးချကာ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် အက်ဘီဒါဗစ်ဟာ စိတ်ညှို့ပညာတစ်မျိုးလို့လည်း ဆိုနိုင်တဲ့ Telekine Tically Control နည်းပညာနဲ့ သစ်ရွက်ကလေးတွေ လှုပ်ရှားသွားအောင် ပြုလုပ်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီဒီယိုပြကွက်ထဲမှာ အရာဝတ္ထုတစ်ခုရဲ့ လှုပ်ခါနေမှုဟာ အချိန် ၅ စက္ကန့်လောက် ကြာလာရင် ဒီအရာဝတ္ထုကို ပကတိအတိုင်း လှုပ်ရှားလာအောင် လှုံ့ဆော်မှုပြုနိုင်တယ်လို့လည်း အက်ဘီဒါဗစ်က ဆိုခဲ့ပါသေးတယ်။ ဒီလိုဖန်တီးပြုလုပ်နိုင်ဖို့ အဓိကလိုအပ်ချက်ကတော့ အချိန်နဲ့ အရာဝတ္ထုပစ္စည်းရဲ့ အရွယ်အစားအပြင် သူ့ရဲ့တုန်ခါမှု ဦးတည်ရာဘက်ကို သိရှိထားဖို့ လိုအပ်ကြောင်း အက်ဘီဒါဗစ်က ပြောဆိုပါတယ်။

တချို့သော အရာဝတ္ထုပစ္စည်းတွေဟာ သဘာဝတုန်ခါ လှုပ်ရှားမှု ရှိကြသော်လည်း လုံလောက်တဲ့ အခြေအနေကို ဖန်တီးနိုင်စွမ်းမရှိကြောင်း၊ သဘာဝတုန်ခါနှုန်းဟာ အရာဝတ္ထုပစ္စည်းနဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ကြောင်း၊ ကံကောင်းသည့်အချက်မှာ အရာဝတ္ထုတစ်ခုအား ရိုက်ချက်ပြင်းပြင်းဖြင့် ထိခတ်လိုက်တဲ့အခါ ရုတ်တရက် တုံ့ပြန်လိုက်တဲ့ တုန်ခါလှုပ်ရှားမှုဟာ အရာဝတ္ထုတစ်ခုလုံးကို စီးဝင်ပျံ့နှံ့သွားတဲ့အတွက် အဲဒီအရာဝတ္ထုဟာ ချက်ချင်းဆိုသလိုပဲ လှုပ်ရှားတုံ့ပြန်နိုင်စွမ်းရှိတာကို တွေ့ရကြောင်း အက်ဘီဒါဗစ်က အသေးစိတ်ရှင်းပြခဲ့ပါတယ်။

ယခုတွေ့ရှိတဲ့ နည်းပညာသစ်ဟာ ဖျော်ဖြေရေးနဲ့ အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းတွေမှာ ပိုပြီးအသုံးတည့်ဖွယ်ရာရှိကြောင်းလည်း အက်ဘီဒါဗစ်က ပြောဆိုပါတယ်။ ဥပမာအားဖြင့် ယခုထွက်ပေါ်လာတဲ့ Pokémon GO လို ဂိမ်းတွေဟာ လူတွေကို အလွန်ပင်ဆွဲဆောင်မှုပေးနိုင်မယ့် Interactne Dynamic နည်းပညာ ဖြစ်ပါတယ်။

အက်ဘီဒါဗစ်ရဲ့နည်းပညာဟာ အလွန်အသုံးဝင်လှပြီး ရွေ့လျားနှုန်းမြန်ဆန်တဲ့ အရာဝတ္ထုတွေရဲ့စွမ်းအားကို အနည်းငယ်ထုတ်နှုတ်ပြီး လိမ္မာပါးနပ်စွာ အသုံးချသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအသုံးချရာမှာ အရာဝတ္ထုတွေကို ကွန်ပျူတာဂရပ်ဖစ်နည်းကိုအသုံးပြုပြီး သုံးဖက်မြင်ရုပ်လုံးကြွ ဖန်တီးတည်ဆောက်ပြီး အပြန်အလှန် ခံစားတုံ့ပြန်နိုင်တဲ့ ဇာတ်ကောင်လေးတွေကို ဖန်ဆင်းထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ Pokémon GO ရဲ့ သတ္တဝါလေးတွေကို ဒီလိုနည်းပညာနဲ့ ဖန်တီးတာဖြစ်ပါတယ်။ ဇာတ်ကောင်လေးတွေကို တစ်နေရာတည်းမှာ မထားဘဲ GPS နဲ့ ချိတ်ဆက်ပြီး နေရာအမျိုးမျိုးကို ရွှေ့ပြောင်းပေးခြင်းဖြင့် VR နည်းပညာလည်း ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။ နည်းပညာတွေ ပေါင်းစည်းဆက်စပ်ပေးရတဲ့အတွက် နည်းနည်းတော့ ရှုပ်ထွေးမှုတွေရှိကြောင်း ကာလီဖိုးနီးယား စတင်းဖို့တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ပါမောက္ခဒေါက်တာ ဂျမ်းစ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။
အပြန်အလှန် မြန်ဆန်သွက်လက်တဲ့လှုပ်ရှားမှု နည်းပညာဟာ အင်ဂျင်နီယာလုပ်ငန်းတွေမှာလည်း အသုံးဝင်တဲ့ အနေအထားရှိပါတယ်။ ဥပမာအားဖြင့် ကြီးမားတဲ့ အဆောက်အအုံကြီးတွေ၊ တံတားကြီးတွေ တည်ဆောက်တဲ့အခါမှာ မြေငလျင်လှုပ်ရှားမှု၊ လေပြင်းတိုက်ခိုက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိမရှိ ဒီနည်းပညာနဲ့ စမ်းသပ်ဖော်ထုတ်နိုင်တာ ဖြစ်ပါတယ်။

ဒီနည်းပညာသစ်မပေါ်ခင်မှာ မူလအသုံးပြုနေတဲ့ ကင်မရာတွေဟာ အရာဝတ္ထုတွေရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း၊ ဒီလိုဖြစ်ရခြင်းဟာ ကင်မရာနဲ့ လိုက်လံရိုက်ကူးရတဲ့ ပုံရိပ်တွေဟာ ကင်မရာ လှုပ်ရှားနေတာနဲ့အမျှ ပုံရိပ်များကလည်း လိုက်ပါလှုပ်ရှားနေတဲ့အတွက် ထိန်းသိမ်းရခက်ခဲကြောင်း၊ နည်းပညာဟောင်းအရ ကင်မရာကို ပုံသေထားရိုက်ကူးရကြောင်း၊ ယခုနည်းပညာသစ်အရ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အက်ဘီဒါဗစ်က ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အက်ဘီဒါဗစ်ရဲ့ပြောဆိုချက်အရ လာမယ့်အနာဂတ်ကာလမှာ Pokémon GO ရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်လေးများသာမက ပြင်ပလောကမှာရှိနေတဲ့ ပကတိအရာဝတ္ထုတွေ၊ သက်ရှိပုဂ္ဂိုလ်သတ္တဝါတွေကိုပါ Pokémon GO ရဲ့ ဇာတ်ကောင်လေးများလို လိုသလို လှုပ်ရှားလို့ရတဲ့အရာဝတ္ထုများ၊ ဇာတ်ကောင်များဖြစ်လာရေးအတွက် တီထွင်ဖန်တီးနိုင်အောင် စမ်းသပ်မှုများ ပြုလုပ်နေတာ ဖြစ်ပါတယ်။ Pokémon GO ရဲ့ နည်းပညာဖန်တီးရှင် အက်ဘီဒါဗစ်ဟာ နည်းပညာသစ်တွေရှိ ဖော်ထုတ်မှုအတွက် စာတမ်းတစ်စောင်ပြုစုနေပြီး ဒီစာတမ်းတင်သွင်းပြီးချိန်မှာ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ကို တက်ရောက်လက်ခံရယူဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း တင်ပြလိုက်ရပါကြောင်း ... ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

1 comments:

Still not playing Pokemon Go? Download It Now (Built for Android or iOS)

Post a Comment