♪ “အနာဂတ်မှာ ပိုမိုကျယ်ပြန့်စွာသုံးရမည့် AI နည်းပညာ” ♫


ပြောင်းလဲတိုးတက်မှုနောက်ကို အစဉ်သဖြင့်လိုက်ပါတတ်ကြသော လူသားများ သည် ခေတ်မီဆန်းသစ်သော စနစ် (သို့) ပစ္စည်းတစ်မျိုးမျိုး ထွက်ရှိသည့်အခါ စမ်းသပ်သုံးစွဲချင်ကြပါတယ်။ သို့သော် ရိုးရှင်းသည့်နေထိုင်မှုပုံစံကို ကြိုက်နှစ်သက်သူများ လည်း ရှိပါသေးတယ်။ ခလုတ်ဖုန်းများထက် touch ဖုန်းများကို ကြိုက်နှစ်သက်ခြင်းကြောင့် စမတ်ဖုန်းလောကပိုမိုပြောင်းလဲ တိုးတက်ခဲ့သလို ဆန်းသစ်သည့်ဖုန်းအတွင်းပိုင်းစွမ်းရည်ကို သုံးစွဲသူများ ကြိုက်နှစ်သက်ခြင်းကြောင့် သမားရိုးကျ စွမ်းရည်များဖြင့် လည်ပတ်နေသော ဖုန်းကုမ္ပဏီများ အရှုံးပေါ်ခဲ့ရပါတယ်။ 

နည်းပညာပစ္စည်းများသည် လူသားများ အတွက် သက်မဲ့ အဖော်မွန် ဖြစ်လာခြင်းကြောင့် အချိန်အများစုကိုထိုအရာ များနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ နည်းပညာပစ္စည်းများသည် ဆက်သွယ်ရေး အတွက်သာမက ဖတ်မှတ်သိရှိလိုသည့်အရာများကိုပါ ရှာဖွေဖော်ပြပေးနိုင် ပါတယ်။ မေးမြန်းမှုများကို ပြန်လည်ပြောဆိုပေးမည့် မှတ်ဥာဏ်တုများပင် ထည့်သွင်းပေးထားပါတယ်။ သုံးစွဲသူ၏မေးမြန်းမှုများကို ပြန်လည်ပြောဆိုမည့် ကိုယ်ရေးကိုယ်တာလက် ထောက်အဖြစ် တာဝန်ထမ်းဆောင်မည့် လူသားတို့ ၏ဥာဏ်ရည်ကို ကွန်ပျူတာပရိုဂရမ်များဖြင့် စီစဉ်တုပထားသော နည်းပညာ စနစ် (AI) ကို သက်ဆိုင်ရာကုမ္ပဏီများက နာမည်အမျိုးမျိုး မှည့်ခေါ်ထားကြ ပါတယ်။ စာသားများ ရိုက်ထည့်ရှာဖွေရခြင်းထက် မေးခွန်းမေးရခြင်းမှ အဖြေ ရရှိခြင်း၊ စကားပြောဆို၍ခိုင်းစေနိုင် သည်ကို ပိုမိုကြိုက်နှစ်သက် ကြခြင်း ကြောင့် AI နည်းပညာသည် လည်း တဖြည်းဖြည်း အဆင့်မြှင့်လာကာ နေရာ ပိုရလာပါတယ်။

နည်းပညာဆောင်းပါးများရေးသားသည့် Benjamin Kerry & Gavin Lenaghan မှ apple ၏ အနာဂတ်တွင် AI သည် ပိုမိုအရေးပါအရာရောက်လာ မည်ဖြစ်ကြောင်း ထင်မြင်ချက်ပေး ထားပါတယ်။AI နည်းပညာကို ဖုန်းများမှာ သာမက အခြားသောနည်းပညာပစ္စည်းများဖြစ်သည့်တက်ဘလက်၊ စမတ် နာရီ၊ စမတ် TV ၊ စမတ်ကားများတွင်ပါသုံးစွဲနိုင်ခြင်းကြောင့် အောင်မြင်မှု ပိုမိုရရှိခြင်းဖြစ်ပါတယ်။ Apple ရဲ့ထင်ရှားသော AI နည်းပညာကတော့ Siri ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်မှစတင်၍ သက်ဝင်လှုပ်ရှားလာခြင်းဖြစ်ပါ တယ်။ Siri သို့ မှန်ကန်သည့်မေးခွန်းများ၊ စကားကောင်းများ ပြောဆိုခြင်းရှိသလို အပြောင် အပြက် ပြုမှုခြင်းများလည်းရှိပါတယ်။ပိုကီမွန်ဂိမ်းနာမည်ကြီးခြင်းနဲ့ပတ်သက်၍ လည်း Siri ကို မေးခြင်းများပြုကြပါတယ်။


Siri နည်းတူ AI နည်းပညာကို အသုံးပြုသည့်ကုမ္ပဏီထဲတွင် Facebook လည်း ပါဝင်ပါတယ်။ Facebook ရဲ့ chatbots ကို သတင်းအချက်အလက်ရယူဖို့အတွက် အသုံးပြုနိုင်ပါတယ်။ နေထိုင်မှုအဆင့်မြင့်စေရန် စမတ်အိမ် များကို တည်ဆောက်နေခြင်းကြောင့် စကားပြောဆိုလိုက်ရုံဖြင့် ခိုင်းစေသမျှကိုလုပ်ပေးမည့် နည်းပညာစနစ်သည် လည်း အိမ်များ တွင်ပါရှိဖို့ လိုအပ်ပါတယ်။ အမေရိကန် နိုင်ငံတစ်ခုတည်းမှာ ပင် စမတ်နေအိမ်ဈေးကွက်သည် တစ်နှစ်လျှင် ဒေါ်လာ ၉,၇၁၂ million တန်ကြေးရှိပါတယ်။ နှစ်စဉ်တိုးတက်မည့် ရလဒ်အနေအထား အရ ၂၀၂၀ ခုနှစ်တွင်ဒေါ်လာ ၂၀,၈၅၆ million ၀န်းကျင် သို့ရောက်ရှိနိုင်ပါတယ်။

အကျိုးအမြတ်ရနိုင်သည့် ဈေးကွက်သို့ အပြိုင်အဆိုင်ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ကြ ရာ နည်းပညာကုမ္ပဏီ များသည်လည်း စမတ်နေအိမ်အတွက်လိုအပ်သည့် အစိတ်အပိုင်းများကို ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ လိုအပ်သည့် ပစ္စည်း နှင့် စနစ်များကို သူ့ထက်ငါကောင်းအောင် တီထွင်ထုတ်လုပ်ကြပါမယ်။ နေအိမ်နဲ့သက်ဆိုင်သည့် app များကို ထုတ်လုပ်ကြပြီး၊ ဖုန်းနှင့်တက်ဘလက် တို့နှင့် ချိတ်ဆက်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးကြပါတယ်။ Apple remote, Philips စမတ်မီးသီးနှင့် Elgato ရာသီဥတုဆိုင်ရာ ဆင်ဆာပစ္စည်းတို့ကို တွဲဖက်၍ နေအိမ်အတွက်အလင်းရောင်ကို လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ ထိုသို့ စမတ်နေအိမ်နဲ့ပတ်သက်၍ ၀င်ငွေရှာဖွေပေးနိုင်ခြင်းကြောင့် Apple အနေဖြင့်စမတ်နေအိမ်နဲ့သက်ဆိုင်သည့်နည်းပညာကို အဆင့်မြှင့်တင်ရန်၊ အသစ် ထုတ်လုပ်ရန်ကြံရွယ်နေပါတယ်။ 


Amazon Alexa နှင့် Google Home တို့သည်လည်း နေအိမ်များ အတွက် အထောက်အကူများစွာပေးနိုင်ပါတယ်။ အမှောင်ထဲမှာမီးခလုတ်လိုက်ရှာရန် မလိုအပ်တော့သလို၊ သီချင်းသံများကို လည်းခံစားနားဆင်နိုင်ပါမယ်။အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပေးနိုင် သည့် နည်းပညာ၊ algorithms နည်းပညာကိုအသုံးပြု၍ အလိုအလျောက် သင်ယူလေ့လာနိုင်သည့် စက်ပစ္စည်းဆိုင်ရာ သင်ယူမှုနည်းပညာသည် သုံးစွဲသူ များ၏ ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေကြောင်း Benjamin Kerry & Gavin Lenaghan မှမှတ်ချက်ပြုပါတယ်။

အလုပ်များသည့်သူများအတွက် machine learning နည်းပညာသည် ကျန်းမာရေးဆိုင်ရာအချက်အလက်များကို သတိပေးနိုင်ပါတယ်။ မိမိလှုပ်ရှား ပြုမှုသမျှကို မှတ်သားထားပြီး၊ မိမိသိချင်သည့် အချိန်တွင်မေးမြန်းပါက ပြန်လည်ဖော်ပြပေးနိုင်ပါတယ်။ အနာဂတ်မှာ AI အရေးပါလာမည့် နေရာ တစ်ခုမှာ Apple Car ဖြစ်ပါတယ်။ ထို့ကြောင့်လည်း Apple အနေဖြင့် AI နည်းပညာကိုပိုမိုစမ်းသပ်နေခြင်းဖြစ်ပါတယ်။ Apple အနေဖြင့် ကားစီမံကိန်း ကိုပုံဖော်နေသည်မှာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ သုတေသနနှင့် ဖွံ့ဖြိုးမှု စီမံကိန်းအတွက် ငွေကြေးများစွာလည်း ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ပါတယ်။ သတင်းစကားများအရ Apple ဟာ သွားလာမောင်းနှင်မှုယာဉ်ဆိုင်ရာ မိတ်ဆက်မှုကို ၂၀၂၀ ခုနှစ်မတိုင်မီ မိတ်ဆက်ကြေညာနိုင်ပါတယ်။


ကား အတွက် Siri စနစ်ကိုလည်း ပိုမိုအဆင့်မြှင့်တင်ရမှာ ဖြစ်ပါတယ်။ မောင်းသူ၏ ခိုင်းစေမှု၊ မေးမြန်းမှုကို အဆင်ပြေစွာဆောင်ရွက်ပေးနိုင် ဖို့နှင့်သွားချင်သော နေရာကို ချောချောမွေ့မွေ့ ပို့ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ကားကိစ္စနဲ့ ပတ်သက်၍ Apple အတွက် ဈေးကွက်ထဲတွင်ပြိုင်ဘက်များစွာရှိပါတယ်။ ပြိုင်ဘက် များမှာ ဈေးကွက်ထဲတွင် စမ်းသပ်မှုများစွာပြုလုပ်နေပြီဖြစ်ကာ၊ နာမည်လည်း အထိုက်အလျောက်ရရှိပြီးဖြစ် ပါတယ်။ ကား အရေးနဲ့ပတ်သက်၍ Tesla နှင့် Solarcity သည်လည်း ပူးပေါင်းလှုပ်ရှားပါမယ်။ 

Solarcity နှင့် Tesla ပူးပေါင်းသည့်အခါ ကားနှင့် အိမ်အတွက် သန့်စင်သောစွမ်းအင်များ ကိုပိုမိုအသုံးပြုလာနိုင်ပါမည်။ ကုမ္ပဏီနှစ်ခုစလုံးတွင် နေရာကြီးကြီးနှင့် ရှယ် ရာများစွာကိုပိုင်ဆိုင်ထားသူ Elon Musk က သူ၏ လျှပ်စစ်ကားကုမ္ပဏီနှင့် စွမ်းအင်လုပ်ငန်းနှစ်ခုပေါင်းပြီးဝန်ဆောင်မှု တစ်ပြိုင်တည်းရရှိအောင် ပေးအပ် လိုခြင်းဖြစ်ပါတယ်။ မောင်းသူမဲ့ကားများနဲ့လည်း ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။ အဓိကပြိုင်ဘက်မှာ Google ရဲ့ မောင်းသူမဲ့ကားဖြစ်ပါတယ်။ အမေရိကန် တွင်ကားမတော် တဆမှု၏ ၉၄ ရာခိုင်နှုန်းမှာမောင်းသူတို့ရဲ့ချို့ယွင်းမှု ကြောင့် ဖြစ်ပါတယ်။

ပညာသင်မှုအပိုင်းတွင်လည်း AI က အထောက် အပံ့ပေးနိုင်ပါတယ်။ ကလေး လူငယ်များအနေဖြင့် ပိုမိုအဆင့်မြင့်လာ မည့် Siri နှင့် Google Now တို့မှ တစ်ဆင့် လိုလားသောပညာရပ်များကို ရှာဖွေသင်ယူနိုင်ပါမယ်။ Apple ဟာ ပညာရေးကဏ္ဍ အတွက် လွန်ခဲ့သောနှစ်များကတည်းက အထောက်အပံ့ ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ iPad များသည် စာသင်ကြားမှုအတွက် များစွာ အကူ အညီဖြစ်စေခဲ့ပါတယ်။ အသံများဖြင့် ပြန်လည်ခွန်းတုံ့ပြန်ခြင်းကြောင့် အသံ သရုပ်ဆောင်များစွာလည်းရှိပါတယ်။ မူလ အမေရိကန်အသံပိုင်ရှင်ကတော့ Susan Bennett ပါ။ မူလဗြိတိန်အမျိုးသားအသံရှင်ကတော့ Jon Briggs ဖြစ်ပြီး၊ မူလ သြစတြေးလျအသံရှင်မှာ Karen Jacobsen ဖြစ်ပါတယ်။


လူသားများ၏ ဥာဏ်ရည်ကို တုပပြောဆိုနိုင်သော၊ လူသားများအတိုင်း လုပ်ငန်း ကိစ္စများစွာကို ဆောင်ရွက်ပေးနိုင်သောစက်ရုပ်များထုတ်လုပ် ရောင်းချမှုသည်လည်း နှစ်စဉ်တိုးတက်လာနေ ပါတယ်။ ဂျပန်နိုင်ငံမှ နာမည် ကျော်ကုမ္ပဏီများသည် အရွယ်သေးငယ်သော စက်ရုပ်များကိုသာမက၊ လူတစ်ယောက် အရွယ်စက်ရုပ်များ ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ အချို့သောစက်ရုပ်များမှာ အိမ်မွေးတိရစ္ဆာန်ပုံစံဖြစ်ပြီး၊ အသံပြုပေးနိုင်စွမ်းရှိ ကာ၊ အချို့သော စက်ရုပ်များမှာ စကားပြောဖော်ရရှိရန်ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

လူကြိုက်များသော Apple ၏ ရပ်တည်ခဲ့သောသက်တမ်းမှာနှစ် ၄၀ ခန့် ရှိပြီ ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်တွင် Silicon Valley ရှိကားဂိုဒေါင်၌ Steve Jobs နှင့် Steve Wozniak တို့က Apple ကို စတင်အသက်သွင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ Apple သည်သက်တမ်း(၄၀)ရှိပြီဖြစ်သောကြောင့် လူတစ်ယောက်အနေဖြင့် စဉ်းစားလျှင်သက်လတ်ပိုင်းအရွယ်ဖြစ်ပါတယ်။ ထို့ကြောင့် Apple အနေဖြင့် နည်းပညာစက်မှုဇုန်၌ထိပ်တန်းအဆင့်တွင် ဆက်လက်ရပ်တည်နိုင်ရန် အတွေးအခေါ်အသစ်အဆန်းများဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရန်လို ကြောင်း အချို့ကသုံးသပ်ကြပါတယ်။


“Apple သည် အသုံးပြုဖို့အတွက် ကောင်းမွန်နေသေးပေမယ့် လူတိုင်းမှာသုံးစွဲဖို့ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ရှိနေပါပြီ။ ပိုကောင်းတာတွေရှိဖို့ပဲလိုအပ်တာပါ”ဟု Forrester Research မှ နည်းပညာအရေးသုံးသပ်သူ James McQuivey က မှတ်ချက်ပြုဖူးပါတယ်။ သိပ္ပံရုပ်ရှင်များတွင် ပါရှိသောဇာတ်ဝင်ခန်းများ အတိုင်း ကိုယ်ရေး လက်ထောက် တစ်ဖြစ်လဲ စက်ရုပ်များမှအမေး၊ အဖြေများပြောဆိုသလို အခုအခါတွင်လည်း လူသားတို့ရဲ့ အချို့သောအမေးများကို သက်ဆိုင်ရာ နည်းပညာထုတ်ကုန်များမှ ဖြေကြားမှုများပြုလုပ်ပေးနိုင်ပြီဖြစ်သောကြောင့် ရှေ့လာမည့် နှစ်များတွင် နည်းပညာထုတ်ကုန်များကို ပိုမိုအဆင်ပြေစွာ သုံးနိုင်မည်ဖြစ်ကြောင်း၊ နေထိုင်မှုပုံစံများ ပိုမိုအဆင့်မြင့်လာမည်ဖြစ် ကြောင်း Kerry & Lenaghan မှမှတ်ချက်ပြုပါတယ်။

လူသားများရဲ့ရင်းနှီးမှုကြား၊ နေထိုင်မှုအသိုင်းအ၀န်းကို နည်းပညာစနစ် အမှီပြုသောစက်ရုပ်များ၊ တုပ ထားသောကွန်ပျူတာပညာရပ်များနေရာယူမှာဖြစ်သောကြောင့် ဆိုးကျိုးများ ကိုလည်း တွက်ဆထားရန် လိုအပ်ပါတယ်။

ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment