Samsung က ဘက်ထရီ ပေါက်ကွဲမှုများကြောင့် Note 7 စမတ်ဖုန်းများကို အသစ်လဲလှယ်ပေးခဲ့ပါတယ်။ အသစ်လဲလှယ်ပေးခဲ့တဲ့ Note 7 များဟာလည်း ပေါက်ကွဲမှု ပြဿနာ ရှိတဲ့အတွက် Note 7 အားလုံးကို ပြန်လည် သိမ်းယူဖို့ စီစဉ်ခဲ့ပါတယ်။ ယခုအခါ Samsung က Note 7 ကို ပြန်လည် ပေးအပ်ပြီး အခြား Samsung စမတ်ဖုန်း တစ်းလုံးနဲ့ လဲလှယ်မယ်ဆိုရင် ဒေါ်လာ ၁၀၀ ပေးမယ့် အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

ဒါပေမယ့် ယခု ပရိုမိုးရှင်းဟာ အမေရိကန် နိုင်ငံ တစ်ခုထဲအတွက်သာ ဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့က စတင် ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခြား နိုင်ငံများမှာတော့ ကွဲပြားတဲ့ ပရိုမိုးရှင်းများကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

“ ဖေါက်သည်များရဲ့ သစ္စာရှိမှုနဲ့ စိတ်ရှည်မှု အတွက် ယခုလို လက်ဆောင်ပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ မြေပြင်အရောင်းဆိုင်များမှာ သာမက Carrier များကနေ လဲလှယ်တာလည်း အကျုံးဝင်ပါတယ်။ “ လို့ Samsung က ရေးသားထားပါတယ်။ အမေရိကန်မှာ အပူလွန်ကဲတဲ့ Note 7 စမတ်ဖုန်း ပေါင်း ၉၆ လုံးအထိ ရှိခဲ့ပါတယ်။ Samsung က Note 7 ထုတ်လုပ်ရောင်းချမှုကို ကမ္ဘာအ၀န်းမှာ ရပ်နားလိုက်ပါပြီ။