Galaxy Note 7 ဖုန်းနဲ့ စမတ်ဖုန်းပရိတ်သတ်တွေကြားမှာ
နာမည်ဆိုးထွက်ခဲ့ရတဲ့ Samsung ကုမ္ပဏီဟာ သိက္ခာပြန်ဆယ်တဲ့အနေနဲ့ Galaxy S8
ဖုန်းကို အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်သွားဖွယ်ရှိပြီး၊
လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့လောက်မှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။
အတည်မပြုရသေးတဲ့သတင်းတွေအရ ဖေဖော်ဝါရီလအတွင်းကျင်းပမယ့် MWC 2017 ပွဲမှာ အဆိုပါစမတ်ဖုန်းကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်ဆိုရှယ်ဝက်ဘ်ဆိုဒ် Weibo ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ Galaxy S8 ဖုန်းမှာ ၅.၅ လက်မအကျယ် 4K (3840×2160 pixels) Super AMOLED မျက်နှာပြင်ပါဝင်လာဖွယ်ရှိပြီး၊ 806 ppi အထိရှိမယ်လို့ သိရပါတယ်။ ကုမ္ပဏီထုတ် Exynos 8895 SoC ကို ဒီဖုန်းမှာအသုံးပြုသွားမှာဖြစ်ပြီး၊ RAM 6GB ပါဝင်တဲ့ ဒုတိယမြောက် Samsung ဖုန်းလည်း ဖြစ်လာနိုင်ခြေရှိပါတယ်။
နောက်ထပ်သတင်းတစ်ခုအရ Galaxy S8 ဖုန်းမှာ 16-megapixel နဲ့ 8-megapixel ကျောကင်မရာနှစ်လုံးတွဲ ပါဝင်မှာဖြစ်ပြီး၊ အလင်းလုံးဝနည်းတဲ့နေရာတွေမှာတောင် ကင်မရာကောင်းကောင်းရိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီထက်ထူးခြားတဲ့တစ်ခုကတော့ Samsung ဟာ ကုမ္ပဏီရဲ့ အထင်ကရဒီဇိုင်းတစ်ခုဖြစ်တဲ့ ဟုမ်းခလုတ်ကို Galaxy S8 ဖုန်းမှာ ဖြုတ်ပစ်သွားဖွယ်ရှိပြီး၊ စခရင်ပေါ်မှာပဲ လက်ဗွေရာဆန်ဆာကို ထည့်သွင်းသွားဖွယ်ရှိပါတယ်။ ဒီ့အပြင် Xiaomi က မကြာသေးခင်ကထုတ်သွားတဲ့ Mi MIX ဖုန်းလို မျက်နှာပြင်အပြည့်၊ဘောင်မဲ့ဒီဇိုင်းဖြစ်မယ်လို့လည်း ဆိုထားပါတယ်။
ဒီအချက်အလက်တွေဟာ လောလောဆည်မှာတော့ ကောဟဟာလအဆင့်မှာသာ ရှိသေးပြီး၊ အတည်မပြုရသေးသလို၊ သတင်းဓာတ်ပုံပေါက်ကြားတာမျိုးလည်း မရှိသေးတာကြောင့် ဒီထက်ပိုမိုခိုင်မာတဲ့ သတင်းတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Credit to ==> Digital Times
www.pyaephyo.com
0 comments:
Post a Comment