♪ “အရှိန်အဟုန်ရလာပြီဖြစ်တဲ့ အွန်လိုင်းအရောင်းစနစ်” ♫


အခမဲ့သုံးစွဲနိုင်သည်ဆိုသော်လည်း တကယ့်ကို အရေးပါလှပြီး မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အလွန်တရာ အရေးကြီးလှသော အရာတစ်ခု က ဘာဖြစ်မယ်ထင်ပါသလဲ။ အဲဒါကတော့ ကိုယ့်ရဲ့ လုပ်ငန်းတွေ၊ ကိုယ်ရောင်းချနေတဲ့ ထုတ်ကုန်တွေ၊ ၀န်ဆောင်မှုတွေ၊ ဖွင့်လှစ်နေတဲ့ သင်တန်းတွေ စတာတွေကို လူပေါင်းစုံသိရှိနိုင်စေဖို့ အွန်လိုင်းနဲ့ မိုဘိုင်း ချိတ်ဆက်မှုများမှတစ်ဆင့် ဖြန့်ဝေအသိပေးနေဖို့ပါ။ ထင်သာမြင်သာရှိတဲ့ ဥပမာကိုပြရမယ်ဆိုလျှင် ယနေ့မှဖြစ်တဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတစ်ပုဒ်ကို လူတွေက နေ့ချင်းဆိုသလိုသိရှိကြပါတယ်။ အဓိက,ကတော့ Facebook ကပဲ ဖြစ်ပြီး အထူးသဖြင့် နာမည် ကျော် သတင်းဂျာနယ်များက တင်ပေးနေတဲ့ အတွက်ပဲဖြစ်ပါတယ်။ အင်္ဂလိပ်စာတတ်ရင်တော့ တစ်ကမ္ဘာ့လုံးမှာ ဘာတွေ ဖြစ်နေသလဲ ချက်ချင်းသိနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့က လူတွေထဲကို ပြန့်နှံ့ရောက်ရှိဖို့ကို လူမှုကွန်ရက် တွေအသုံးပြုရာမှ Facebook ကို အဓိက သုံးစွဲကြပါတယ်။ Page တွေ ထောင်ပြီးတော့ပေါ့။ ကျွန်တော်တို့အနေနဲ့ Page တစ်ခုလုပ်ရတာက အခမဲ့ပါ။ အလားတူစွာပဲ Twitter, Youtube, LinkedIn, Tumblr, Pintrest, Google Plus စတာတွေများစွာရှိပါတယ်။ အားလုံးက အခမဲ့ပါ။ Blog တွေ ဘာတွေ ဆိုရင်လည်း အခမဲ့ပါပဲ။ ပြီးတော့ လွယ်လင့်တကူအသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းတစ်ခုကိုပိုင်ဆိုင် ထားတယ်ဆိုပါတော့။ ဥပမာ မိုဘိုင်းနဲ့ အိုင်တီပစ္စည်းအရောင်း ဆိုင်ဆိုလျှင် မိမိတို့ဆိုင်နဲ့ ပတ်သက်တဲ့ Facebook Page တစ်ခု သာမက ဆိုခဲ့သောအခြားနေရာများမှာလည်း Account လုပ်ကာ တစ်ပြေးညီတင်ပေးနေသင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ မိမိ လုပ်ငန်းအတွက် Website တစ်ခုနှင့် Android, iOS, Windows စတဲ့ Platform ပေါင်းစုံအတွက် Apps လေးတွေလုပ်ထား သင့်ပါတယ်။

အများစုကတော့ Website တွေလုပ်ထားပေမယ့် Apps တွေလုပ်ထားတဲ့ လုပ်ငန်းတွေက တော်တော်လေးကို ရှားပါး သေးတယ်လို့ ထင်ပါတယ်။ ကျွန်တော်က Sony ဖုန်းလေးတစ်လုံးကိုင်ပါတယ်။ ဒါနဲ့ Sony နဲ့ ပတ်သက်တဲ့ Apps လေးတွေ တင်ထားရာမှာ တစ်ခုကတော့ တော်တော်လေးသဘောကျ စရာပါ။ အဲဒါကတော့ သူ့ရဲ့ Products ပေါင်းစုံဖြစ်တဲ့ TV, စမတ် ဖုန်း၊ တက်ဘလက်၊ Recorder စသဖြင့်ကို အမျိုးအစားအလိုက် စုစည်းပေးထား ပါတယ်။ ကျွန်တော်က တက်ဘလက်ကို စိတ်ဝင်စားတယ်ဆိုလျှင် တက်ဘလက်ကို ၀င်ကြည့်နိုင်မှာဖြစ်ပြီး မိမိကြည့်ရှုချင်တဲ့ မော်ဒယ်တစ်ခုကို ၀င်ကြည့်တဲ့အခါ Specification အပြည့်အစုံ၊ ဈေးနှုန်းနဲ့ သုံးသပ်ချက်များကို ဖော်ပြပေးထားပြီး ဘယ်နေရာတွေမှာ ၀ယ်နိုင်မလဲဆိုတာကို ဖော်ပြ ပေးထား ပါတယ်။ ဖုန်းဆက်ချင်လျှင်လည်း ဆက်လို့ရပါတယ်။ အသစ်ဝင်လာတဲ့ ပစ္စည်းဆိုရင် New ဆိုပြီးဖော်ပြပေးထားသလို Promotion အစီအစဉ်တွေ ရှိပါကလည်း ဘယ်လောက် Discount နဲ့ရနိုင်ကြောင်း၊ ဘယ်လိုလက်ဆောင် တွေရနိုင်ကြောင်း ဖော်ပြပေးထားပါတယ်။ ဒါပေမယ့် ဒီ Apps က နိုင်ငံတကာ အတွက်ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာဆိုလျှင်တော့ မိုဘိုင်းဖုန်းကွန်ပျူတာဆိုင်ကြီးတွေက ဒီလို Facebook မှာ Page ထောင်ပြီးတင်နေရုံ မျှမက ဒီလိုမျိုး Apps လေးတွေ လုပ်ထားမယ် ဆိုလျှင် သုံးစွဲသူတွေကလွယ်လင့်တကူပိုမိုသုံးစွဲနိုင်မှာဖြစ်ပါ တယ်။ ဥပမာ Samsung, Huawei, Sony, LG, HTC စသဖြင့် မိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေက သူတို့ရဲ့ Products တွေကို ဖော်ပြပေးထားတဲ့ Apps လေးထုတ်ထားမယ်ဆိုလျှင် သုံးစွဲသူတွေအတွက် လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒါဆိုလျှင် ဘာ Products အသစ် တွေ ထွက်သလဲ၊ ဘယ်ဈေးရှိ လဲ၊ ဘယ်မှာဝယ်ရမလဲသိရှိနိုင်သလို ပရိုမိုးရှင်း အစီအစဉ်ကပိုမိုအောင်မြင်နိုင် မှာဖြစ်ပါတယ်။ အဆိုပါ Apps ကို မိမိတို့ ထုတ်လုပ်ရောင်းချတဲ့ ဖုန်းတွေထဲမှာ အသင့်ထည့်သွင်းပေးထားခြင်းအားဖြင့် လူတွေက တမင်တကာ Download ချသုံးစွဲစရာမလိုတော့ဘဲ သုံးစွဲဖြစ်ကြမှာဖြစ်ပါတယ်။ တစ်နှစ်အတွင်း ဖုန်း အလုံးရေတစ်သိန်းရောင်းရတယ်ဆိုပါစို့။ လူအယောက်တစ်သိန်းကို မိမိတို့ ပေးချင်တဲ့ သတင်းအချက်အလက်တွေကို အဆိုပါ Apps ကနေပေးနိုင်မှာဖြစ် ပါတယ်။

လတ်တလောအနေအထားအရဆိုလျှင်တော့ လူတွေက ဂျာနယ်တွေ၊ သတင်းစာတွေကနေ သိရင်သိမယ်။ ရေဒီယို၊ တီဗီတွေကနေသိရင် သိမယ်၊ Facebook က သိရင်သိမယ်ပေါ့။ ဒီနေရာမှာ မသိလိုက်လို့ တကယ်ဝယ်ယူ မယ့် Customer တွေ ဘယ်လောက်ဆုံးရှုံးသွားနိုင်သလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။ ကျွန်တော့်အထင်တော့ မနည်းလှဘူးထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ လူထုကြားကိုပြန့်နှံစေမယ့် နည်းလမ်းပေါင်းစုံကို အသုံးပြုကြရမှာဖြစ်ပါတယ်။ယခုနောက်ပိုင်းတော့ လုပ်ငန်းတွေမှာ Facebook Page တွေလုပ်လာကြပါတယ်။ လုပ်ငန်းတွေက အများကြီးဖြစ်တဲ့ အတွက် လူတွေက အကုန်လုံးကို သိချင်မှသိမှာဖြစ်ပါတယ်။ ဒီတော့ Page အောင်မြင်အောင်၊ လူသိများအောင်လုပ်ဆောင်ဖို့ ကလည်း အင်မတန်အရေးကြီးပါတယ်။ လူတွေစိတ်ဝင်စားမယ့် စာတွေရေးတင်တတ်ဖို့ လိုအပ်ပါတယ်။ မိမိတို့ ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်းကို လူတွေ နားလည်အောင်၊ ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားတင်ဆက်တတ်ဖို့လည်း လိုအပ်ပြီး အမြဲတမ်းလည်း Update တင်ပေးသင့်ပါတယ်။ Products အသစ် တစ်ခုထွက်တိုင်း တင်ပေးနေသင့်ပါတယ်။ ထို့ပြင် မိမိလုပ်ငန်းနှင့် သက်ဆိုင် သော ဗဟုသုတရဖွယ်ရာအကြောင်းအရာများ၊ သတင်းများကိုလည်း အမြဲတစေ တင်ပေးနေမယ်၊ လူစိတ်ဝင်စားဖွယ်ရာ အစီအစဉ်လေးတွေ လုပ်ပေး နေမယ်ဆိုလျှင် လူတွေကပိုမိုအာရုံစိုက်လာမှာဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ Like တွေတက်လာမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆိုင်များအဖို့ သုံးစွဲသူတွေအသုံးတည့်စေမယ့် သင်ခန်းစာလေး တွေ၊ Error ဖြေရှင်းပုံနည်းလမ်းလေးတွေ၊ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရဖွယ်တွေ၊ အသစ်ထွက်ပစ္စည်းသတင်းတွေ စသဖြင့် အများသူငါ စိတ်ဝင်စားမယ့် အကြောင်းအရာတွေတင်ပေးနေမယ်ဆိုလျှင် သူတို့ Page ကို လူပိုစိတ်ဝင်စားမှာဖြစ်တဲ့အတွက် ပရိသတ်အရေအတွက် ပိုမိုတိုးတက်လာ မှာဖြစ်ပါတယ်။ ပရိသတ်အရေအတွက်များလာခြင်းက မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်း ကြော်ငြာတွေအတွက် တကယ့်ကို အခွင့်အလမ်းကြီးပါပဲ။ အဲဒီ အတွက် ကျွန်တော်တို့ ကြော်ငြာခတစ်ပြားမှမကုန်ဘဲ ကြော်ငြာ နိုင်တဲ့ သဘောပါပဲ။ ဒီနေ့ခေတ်မှာ Facebook ကနေပဲ အရောင်းအ၀ယ်တွေ လုပ်နေကြတာအောင်မြင်တဲ့သူတွေလည်း တော်တော်အောင်မြင်ကြပါတယ်။ သူ့အတွက် ဆိုင်ခန်းနေရာတွေဘာတွေမလိုအပ်ဘဲ လုပ်ငန်းတစ်ခုကို လည်ပတ်နိုင်တဲ့ သဘောပါပဲ။ ကုန်ပစ္စည်းတွေအများကြီး ရောင်းချနေတဲ့ ဆိုင်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းများအတွက်ကတော့ မလွဲမသွေ လိုအပ်ပြီး အဲဒီ အပိုင်းအတွက် ၀န်ထမ်းများကို ခေါ်ယူခန့်ထားသင့်ပါတယ်။

အချို့ဆိုင်တွေမှာ တော်တော်ကောင်းမွန်တဲ့ Gadgets လေးတွေရှိပါတယ်။ ဒါပေမယ့် လူတွေက အဲဒီဆိုင်ရောက်ဖြစ်မှပဲ မြင်တွေ့ကြတာဖြစ်ပါတယ်။ မရောက်ဖြစ်ရင် သူဝယ်ချင်တာပဲ ထားဦး၊ သိရှိမှာမဟုတ်တဲ့အတွက် ဘယ်တော့မှ ၀ယ်ဖြစ်မှာမဟုတ်ပါဘူး။ လူတွေက ဆိုင်တစ်ဆိုင်ကို ရောက်ဖို့ ဆိုတာ တော်တော်လေးခဲယဉ်းတဲ့ကိစ္စပါ။ အကြောင်းကိစ္စရှိမှပဲ ရောက်ဖြစ် တတ်ကြပါတယ်။ ဒီအတိုင်းတမင်တကာ သွားကြည့်တယ်ဆိုတာကတော့ စူပါမားကက်တွေလောက်ပဲရှိမယ်ထင်တယ်။ဒီတော့ ကိုယ့်ရဲ့ဆိုင်မှာ ရောင်းချ နေတဲ့ပစ္စည်းတွေကို အွန်လိုင်းမှာတင်ပေးမယ်။ မိမိဆိုင်မှာ ၀ယ်ယူသွားတဲ့ ဖောက်သည် တွေရဲ့ E-mail တွေ၊ ဖုန်းနံပါတ်တွေ တောင်းယူထားပြီး ပရိုမိုးရှင်းအစီအစဉ်တွေရှိတဲ့အခါ Message ပို့တာတို့၊ E-mail ပို့တာ တို့ကို လုပ်ဆောင်ခြင်းကလည်း ထိရောက်တဲ့အနေအထားပါပဲ။


ဖုန်းကိုင်ထားတဲ့ လူတစ်ယောက်က သူ စိတ်မ၀င်စားရင်တောင် သူ့မိတ်ဆွေအပေါင်းအသင်း တွေကို ပြောပြနိုင်မှာပဲဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မိမိတို့လုပ်ငန်းရဲ့ ကြော်ငြာတွေက ငွေကြေး ကုန်ကျစရာမလိုဘဲ လွယ်လင့်တကူ ပြန့်နှံ့နေမှာ ဖြစ်ပါတယ်။ ယခုမြန်မာပြည်မှာ Messaging Apps တွေ တော်တော်ခေတ်စား နေပါတယ်။ သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။ သူတို့ရဲ့ Apps တွေ လူသုံးများလေ သူတို့အတွက် ပိုမိုအောင်မြင်လေဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က စီးပွားရေးလုပ်ငန်းများနဲ့ချိတ်ဆက်ကာ ကြော်ငြာသဘောမျိုး အစီအစဉ်လေး တွေလုပ်နေတဲ့အတွက် လူသုံးများတဲ့ Apps တွေမှာ ကြော်ငြာခြင်းက လူများစွာဆီသို့ ပြန့်နှံ့နိုင်စေမှာဖြစ်ပါတယ်။ အဲဒီအတွက် ၀န်ဆောင်ခရရှိမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေကို သမားရိုးကျ သွားနေလို့ မရတော့ဘဲ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေလုပ်ဆောင်နိုင်ကြမယ်ဆိုလျှင်တော့ အဆပေါင်းများစွာ တိုးတက်အောင်မြင်မယ်ဆိုတာကတော့ အသေအချာပါပဲ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment