♪ " အသုံးတည့်နေဆဲ CD Burner XP " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


ကွန်ပျူတာပေါ်မှာ CD တွေ DVD တွေ Burn တာ သိပ်ခေတ်မရှိတော့ဘူး ဆိုပေမယ့် Software တချို့ကိုတော့ မြန်မာပြည်မှာ အခုအချိန်အထိ CD နဲ့ DVD တွေကတစ်ဆင့် တင်နေရတုန်းဖြစ်ပါတယ်။ ကွန်ပျူတာပေါ်မှာ ကစားတဲ့ဂိမ်းတွေလည်း ဒီအတိုင်းပါပဲ။ Data တွေကို ယာယီသိမ်းဆည်းဖို့နဲ့ တခြားလူတွေဆီ share လုပ်ဖို့ကိစ္စမှာ CD နဲ့ DVD တွေက ဈေးအသက်သာဆုံးဖြစ်ပါတယ်။ ကွန်ပျူတာပေါ်က Burn ပေးလိုက်တဲ့ သီချင်းနဲ့ ရုပ်ရှင် CD/ DVD တွေဟာ အိမ်သုံး Player တွေပေါ်မှာ ဖွင်လို့ရပါတယ်။ ဒါကြောင့် CD/ DVD burner တွေကို လုံးလုံးကြီးပစ်ပယ်လို့တော့ မရသေးပါဘူး။

CD နဲ့ DVD တွေအတွက် ကွန်ပျူတာမှာ တွဲသုံးဖို့ Writer တွေ ဝယ်တဲ့အခါမှာ Nero burning Software ဆိုတာကြီးကို အခမဲ့ထည့်ပေးပါတယ်။ သာမန် CD/ DVD writing ကိစ္စအားလုံးအတွက် လုံလောက်ပါတယ်။ ဒါကြောင့် တခြား burning Software တွေဖြစ်တဲ့ Ashampoo burning software မျိုးကိုတောင် ကွန်ပျူတာသုံးစွဲသူတွေ သိပ်ပြီးစိတ်မဝင်စားပါဘူး။ အခမဲ့ burning Software ဆိုတာကို စိတ်ဝင်စားဖို့ကတော့ ဝေလာဝေး။ ဒါဖြင့် CD Burner XP ကို ဘာကြောင့် အမွှန်းတင်ပြီး ပြောရသလဲ။ အခမဲ့ သုံးဖို့ထည့်ပေးလိုက်တဲ့ Nero burngin Software ထက်စာရင် အားသာချက် တွေရှိလို့ဖြစ်ပါတယ်။ အခပေးသုံးရတဲ့ Full Version Nero Burning Software ကတော့ ပိုကောင်းချင်ကောင်းမှာပေါ့လေ။


လောလောဆယ် ကျွန်တော်တို့သုံးနေတဲ့ Nero ဟာ CD ဆိုရင် အများဆုံး 700 MB ကျော်ကျော်ကိုပဲ Burn ပေးနိုင်ပါတယ်။ 730 MB ကျော်မယ်ဆိုရင် DVD R ပြောင်းပြီးသုံး။ CD နှစ်ချပ်တွဲ DVD နှစ်ချပ်တွဲဆက်ပြီး Burn ပေးနိုင်တဲ့အစွမ်းမရှိပါဘူး။ အခမဲ့ပေးတာမို့ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ CD Burner XP ကတော့ အဲဒီလို နှစ်ချပ်တွဲဆက်လျက် Burner ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ CD Burner ဆိုပေမယ့် DVD ကိုလည်း Burn ပေးနိုင်ပါတယ်။ Nero က audio ၊ video နဲ့ data disc တွေ burn ပေးနိုင်သလိုပဲ CD Burner XP ကလည်း Burn နိုင်ပါတယ်။


ပုံမှန် CD တစ်ချပ်စာထက်ကျော်ရုံ data တွေကို burn ချင်သလား။ Main menu ထဲက data disc နေရာမှာ ကလစ်နှိပ်ပါ။ Software ဖွင့်လိုက်တိုင်း data disc ကို မြင်နေရမှာပါ။ ပြီးရင် CD ထဲထည့်ချင်တဲ့ ဖိုင်တွေကို Software Window ထဲ drag and drop နည်းနဲ့ ဆွဲချပါ။ ပြီးရင် Disc spanning ကိုရွေးပါ။ Popup Window ပေါ်လာပြီဆိုရင် လက်ရှိသုံးတဲ့ disc ရဲ့အရွယ် အစားကို ရွေးပေးပါ။ နောက်တစ်ဆင့်မှာ Use as few disc as possible ကို ရွေးပေးပါ။ ဒါက Software ဖိုင်အကြီးကြီးတွေကို disc နှစ်ခုထဲ folder အကြီးတွေအနေနဲ့ ခွဲထည့်ချင်ရင် သုံးပါတယ်။ တတ်နိုင်သမျှ folder တွေ မကွဲစေချင်ရင်တော့ Do not split folder contents unnecessarily ကို ရွေးပါ။ ပြီးရင် split ကို နှိပ်ပါ။ CD Burner XP က Analyse လုပ်ပြီး ဖိုင်တွေကို စီမံ ခန့်ခွဲပါမယ်။ CD ဘယ်နှစ်ချပ်လိုတယ်ဆိုတာ လာပြီးပြောပါမယ်။


ဒါလေး တစ်ချက်လောက်နဲ့တော့ CD Burner XP ကို မလွမ်းလောက်ဘူးလို့ ပြောချင်ပြောနိုင်ပါတယ်။ အပြောမစောပါနဲ့ဦး။ သီချင်း CD တွေ Burn တဲ့နေရာမှာ သူ့ရဲ့ ထူးထူးခြားခြားစွမ်းဆောင်ချက် ရှိပါတယ်။ အဲဒါကတော့ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ် အသံအတိုးအကျယ် မညီဘူးဖြစ်နေရင် အသံညီအောင်ညှိပေးတဲ့ စွမ်းရည် ပါ။ မတူတဲ့ သီချင်း CD တွေ ထဲက သီချင်းတွေကို ကိုယ့်စိတ်ကြိုက် ခွဲထုတ်စုစည်းတဲ့အခါမှာ အသံတိုးတဲ့ သီချင်း အသံကျယ်တဲ့သီချင်းတွေကို တွဲပြီးတွေ့ရတာက ထုံးစံပါ။ ဒီလို အသံညှိချင်ရတော့ CD Burner XP တစ်ခုတည်းနဲ့ မပြီးပါဘူး။ သူနဲ့တွဲပြီး အခမဲ့သုံးစွဲနိုင်တဲ့ Foobarzooo လိုပါတယ်။ 


အဲဒီ Software ကို www.foobarzooo.org/download ကနေ အခမဲ့ရနိုင်ပါတယ်။ Software ကို install လုပ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် File ကို ကလစ်နှိပ်ပါ။ Add Files ရွေးပါ။ CD ထဲ burn ချင်တဲ့ သီချင်းတွေကို ရွေးပါ။ အားလုံးပြီးပြီဆိုရင် Ctrl+A (Select All) လုပ်ပါ။ ပြီးရင် သီချင်းတစ်ပုဒ်ပုဒ်ရဲ့ဘေးမှာ ညာကလက် ထောက်ပါ။ Reply Gain နေရာမှာကလစ်နှိပ်ပါ။ ပြီးရင် scan per-file track gain ကို ဆက်ရွေးပါ။ အဲဒီလုပ်ငန်းစဉ်ပြီး သွားရင် Update File Tags နေရာမှာ ကလစ်နှိပ်ပါ။ သီချင်းတစ်ပုဒ်စီမှာရှိတဲ့ audio level ပေါ်မှာ အကျိုးသက်ရောက်စေဖို့ ဖြစ်ပါတယ်။


ပြီးရင် CD Burner XP ကိုပြန်သွားပါ။ ပြီးရင် Main Menu ထဲက audio disc မှာ ကလစ်နှိပ်ပါ။ ပြီးရင် setting နေရာမှာ ကလစ်နှိပ်ပါ။ ပြီးရင် Audio Options tab မှာ ကလစ်နှိပ်ပါ။ ပြီးရင် Use Track Gain ကိုရွေးပါ။ သူ့ကိုရွေးလို့မရနိုင်ရင် Use Album Gain ကိုရွေးပါ။ ပြီးရင် Apply မှာ ကလစ်နှိပ်ပါ။ ပြီးရင် OK မှာကလစ်ဆက်နှိပ်ပါ။ Foobar 2000 မှာကိုယ်ရွေးခဲ့တဲ့ သီချင်းတွေကို drag and drop နည်းနဲ့ CD Burner XP ထဲပို့ပါ။ ပြီးရင် Burn မှာ ကလစ်နှိပ်ပါ။ CD Burner XP ဟာ အဲဒီ CD ထဲမှာပါတဲ့ သီချင်းတွေကို ညီညာတဲ့ audio Level မှာရှိအောင် ညှိပြီး Burn ပေးသွားပါလိမ့်မယ်။


CD ထဲမှာ ကျွန်တော်တို့အဖွင့်အများဆုံးက သီချင်း CD တွေပါ။ ဒီ CD တွေက burn ထားတဲ့ CD တွေဆိုရင် လေးငါးခါထက်ပိုပြီးဖွင့်လို့ မကောင်းပါဘူး။ အစင်းရာ အခြစ်ရာတွေ ထင်ပြီး CD ထစ်တတ် ထောက်တတ်ပါတယ်။ မူရင်းကုမ္ပဏီက Print လုပ်လွှတ်လိုက်ပါတယ် ဆိုတဲ့ CD တွေတောင် နှစ်နှစ်လောက်ဖွင့်ပြီးရင် CD ထစ်တဲ့ပြဿနာ ရှိတတ်ပါတယ်။ ဒါကြောင့် မူရင်းသီချင်း CD တွေကို ထပ်တူထပ်မျှတူတဲ့ ကော်ပီ CD တွေပွားပြီး သိမ်းသင့်ပါတယ်။ ဒီလိုကော်ပီပွားနိုင်ဖို့ မူရင်းသီချင်း CD ကို ကွန်ပျူတာက Player မှာ (ရှိခဲ့ရင်) ထည့်ပါ။ မရှိရင် External player ချိတ်ပြီး ထည့်ပါ။ ပြီးရင် CD Burner XP ရဲ့ Main menu ထဲက Audio disc ကိုရွေးပါ။ ပြီးရင် File > import > Audio CD ကိုရွေး ပါ။ ကိုယ် Burn မယ့် CD drive ကိုရွေးပါ။ ပြီးရင် OK နှိပ်ပါ။ မူရင်း CD ထဲက သီချင်းတွေကို Temp ဖိုင်ထဲ export လုပ်ပြီးသွားရင် မူရင်း CD ကို ဆွဲထုတ်ပါ။ ပြီးရင် CD အလွတ်တစ်ချပ်ထည့်ပါ။ ပြီးရင် burn နေရာမှာ ကလစ်နှိပ်ပါ။ မူရင်း CD နဲ့ တစ်ထပ်တည်းတူတဲ့ CD ရပါမယ်။


CD ခုတ်တဲ့အခါမှာ data ရင်လည်း data CD သပ်သပ်၊ သီချင်း CD ရင်လည်း သီချင်း CD သပ်သပ် ခုတ်ရပါတယ်။ CD Burner တွေမှာ အဲဒီခေါင်းစဉ်နှစ်ခုကို တွဲပြီးလုပ်လို့ရခဲပါတယ်။ CD Burner XP ကတော့ data နဲ့ Audio ကိုတွဲပြီး CD တစ်ချပ်တည်းမှာထည့်လို့ရပါတယ်။ Mixed mode လို့ခေါ်တာပေါ့။ ဒီလိုလုပ်ဖို့ အတွက် main menu ထဲက audio disc ကိုရွေးပါ။ ပြီးရင် Burn ချင်တဲ့သီချင်းတွေ ရွေးပါ။ ပြီးရင် burn မှာ ကလစ်နှိပ်ပါ။ A Pause For 2 Seconds Between All Tracks ဘေးမှာ အမှန် ခြစ်လေးပေါ်အောင် လုပ်ပါ။ ပြီးရင် Finalize disc နဲ့ Enable CD Text စာသားနှစ်ခုဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်လေး ပြုတ်အောင် ကလစ်နှိပ်ပါ။ 


ပြီးရင် burn disc မှာကလစ်နှိပ်ပါ။ Burn တဲ့လုပ်ငန်းစဉ်ပြီးသွားရင် main menu ထဲပြန်သွားပါ။ Data disc မှာ ကလစ်နှိပ်ပါ။ ကိုယ် burn ချင်တဲ့ဖိုင်တွေ ရွေးပါ။ အဲဒီအချိန်မှာပဲ Finilize disc ဘေးက လေးထောင့် ကွက်မှာအမှန်ခြစ်ပေါ်အောင်လုပ်ပေးပါ။ ပြီးရင် burn နေရာမှာ ကလစ် နှိပ်ပေးပါ။ အဲဒီ disc က ကိုယ့်အိမ်ကတီဗွီနဲ့ တွဲတဲ့ CD player မှာ ဖွင့် နိုင်ပါတယ်။ ဒါ့အပြင် PC ကနေယူပြီး သုံးနိုင်တဲ့ data file တွေလည်း အထဲမှာရှိနေပါမယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment