♪ “အွန်လိုင်းအလုပ်တွေကို ပိုပြီးလွယ်ကူစေမယ့် Microsoft Flow” ♫

Image may contain: one or more people, people sitting and text


ကွန်ပျူတာဘာကြောင့်သုံးကြတာလဲ။ ထပ်တလဲလဲ လုပ်ရမယ့် အလုပ်တွေကို သက်သောင့်သက်သာနဲ့ ပြီးလိုတဲ့ အတွက် ဖြစ်ပါတယ်။ ဖုန်းသုံးတဲ့အခါမှာ လည်း အဲဒီရည်ရွယ်ချက်ပါတယ်။ မဟုတ်ရင် ဖုန်းအဟောင်းတွေမှာလို ဖုန်းတစ်ခါ ဆက်တိုင်း လိပ်စာ စာအုပ်ကြည့်ပြီး ဖုန်းနံပါတ်ရိုက်ထည့်နေ ရမှာပေါ့။ အခုတော့ Contact list ရှိနေတာ ဟန်ကျတယ်။ လိပ်စာစာရင်း ထဲကြည့်ပြီး၊ ဒါမှမဟုတ် အ၀င်အထွက်ဖုန်းကို ကြည့်ပြီး သာသာယာယာ ပြန်ခေါ်ရုံပဲ။ ပုံတူလုပ်ရမယ့် အလုပ်တွေကို လူတွေက ထပ်တလဲလဲ မလုပ်ချင် ကြဘူး။ ဒါကို Google လည်း သဘောပေါက်တယ်။ ဒါကြောင့် ဖိတ်စာတွေကို တစ်စောင်ရိုက်ပြီး လိပ်စာတွေ တန်းစီထည့်ပေးရုံနဲ့ လူအားလုံး ဖိတ်နိုင်အောင် Gmail မှာ လုပ်ပေးထား ပါတယ်။ အဲဒီခြေရာနောက်ကို နောက်ထပ်လှမ်းလိုက် တဲ့သူကတော့ Microsoft ပါ။ Microsoft Flower ဟာ သူရဲ့ web service အသစ်ဖြစ်ပါတယ်။ app အနေနဲ့ လည်း ရနိုင်ပါတယ်။ Program တွေကြားမှာ tools တွေကြားမှာ အလုပ်တွေကို automate လုပ်နိုင်အောင် စီစဉ်ပေးပါ တယ်။ ထပ်တလဲလဲ လုပ်ရမယ့် အလုပ်တွေကို တစ်ခါအစီအစဉ်ချပေးထား တာနဲ့ ပြီးအောင် စီစဉ်ပေး တာဖြစ်ပါတယ်။

ဥပမာပြရမယ်ဆိုရင် outlook.com ကိုသုံးပြီး email attachment မှန်သမျှကို email ပို့တိုင်းမှာ One Drive ထဲမှာ သိမ်းပေးဖို့ ခိုင်းနိုင်ပါတယ်။ One Drive ဆိုတာက Microsoft ရဲ့ အွန်လိုင်း storage service ပါ။ နောက်ထပ်ခိုင်းနိုင်တဲ့ အလုပ် တစ်ခုက outlook calendar ထဲမှာ လုပ်သမျှအလုပ်တိုင်းကို Google Calendar ထဲ Share လုပ်ဖို့ ဖြစ်ပါတယ်။ Sync လုပ်ခိုင်းတဲ့ လုပ်ငန်းစဉ် တစ်မျိုးဆိုပါတော့။ ဥပမာပြထားတာတွေကိုကြည့်ရင် Microsoft Flow မှာ Microsoft နဲ့ သက်ဆိုင်တဲ့ အလုပ်တွေချည်းပဲလုပ်လို့ ရနိုင်မယ်လို့ ထင်စရာ ရှိတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ Microsoft နဲ့ မဆိုင်တဲ့ အွန်လိုင်းအလုပ် တွေမှာလည်း Microsoft Flow ကို သုံးနိုင်ပါတယ်။ Email attachment တွေကို OneDrive အစား Google Drive ဒါမှမဟုတ် Dropbox ထဲမှာ သိမ်းပေးဖို့ Outlook.com မှာ ခိုင်းနိုင်ပါတယ်။ အဲဒီဝန်ဆောင်မှုတွေထဲမှာ attachment တွေသိမ်းခိုင်းတဲ့ တစ်ချိန်တည်းမှာပဲ OneDrive ထဲမှာလည်း သိမ်းခိုင်းနိုင်ပါ တယ်။

ဒီလိုနည်းနဲ့မတူညီတဲ့ tool တွေကို အလျင်မပြတ် အလုပ်လုပ်စေနိုင်ပါတယ်။ ထပ်တလဲလဲ အလုပ်တွေကို တစ်ကြိမ် ခိုင်းရုံနဲ့ ကိစ္စပြီးပြတ်ဖို့ အရင် setup လုပ်ရပါမယ်။ ဒါကို Microsoft က template လို့ ခေါ်ပါတယ်။ အလှူ မင်္ဂလာဆောင် ဖိတ်စာ တွေမှာ နေ့စွဲ၊ လိပ်စာနဲ့ လူနာမည်တွေချန်ပြီး အလွယ်ဆုံးပုံစံတစ်ခု အသင့်ရိုက်ထားသလိုပါပဲ။ Setup လုပ်ပြီးတာနဲ့ တာဝန် ပေးလိုက်ပါ။ ပြီးရင် လက်လေးပိုက်ပြီး အသာကြည့်နေလိုက်ပါ။ ခိုင်းထားတဲ့ အလုပ်တွေကို နောက်ကွယ်ကနေ ပြီးစီးအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။
Microsoft Flow ကို အခမဲ့သုံးနိုင်သလို အခပေးအနေနဲ့ အဆင့်မြှင့်ပြီးလည်း သုံးနိုင်ပါတယ်။ အခမဲ့မှာတော့ အကန့် အသတ် တချို့ရှိပါတယ်။ ဒါကတော့ တစ်လမှ automate အလုပ် (၇၅၀)ပဲ ခိုင်းနိုင်တာပါ။ သာမန်အိမ်တွင်း စီးပွားရေး လုပ်ငန်း လေးတစ်ခုမှာ အလုပ် (၇၅၀) ဆိုတာ ကောင်းကောင်းကြီး လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်။ ရိုးရိုးလူ တစ်ယောက်အတွက် ဆိုရင် ဒီပမာဏဟာ လိုတာထက်တောင် ပိုပါသေးတယ်။ စီးပွားရေးလုပ်ငန်း အတော်ကြီးကြီး (မြန်မာပြည်အနေနဲ့ ဥပမာပြရရင် တိုင်းဒေသကြီးတစ်ခုလုံး လောက် လွှမ်းခြုံနိုင် လောက်တဲ့ ပမာဏ) ဆိုရင် ဒီလောက်ပမာဏဟာ မလုံလောက်နိုင်ပါဘူး။ လုံလောက်တဲ့ ပမာဏဖြစ်တဲ့ တစ်လစာ Automate 15000 အတွက် အခကြေးငွေပေးပြီး သုံးရပါမယ်။ အဲဒီအတွက် တစ်လမှာ ဆယ့်ငါးဒေါ်လာပေးသွင်းရပါမယ်။ Microsoft ရဲ့ အဓိကပစ်မှတ်ဟာ Automate အလုပ်တွေ များများစားစားလုပ်မယ့် business user တွေအတွက် ရည်ရွယ်ပါတယ်။

Automate အလုပ်တွေအတွက် ငွေကြေးအကုန်အကျ သိပ်ရှိစရာမလိုဘဲ လုပ်နိုင်စေတဲ့ တခြားဝန်ဆောင်မှုတွေလည်း ရှိပါတယ်။ IFTTT လို ၀န်ဆောင်မှုမျိုးပါ။ သူ့အကြောင်းကို https://ifttt.com/ မှာ သွားပြီးကြည့်နိုင် ပါတယ်။ IFTTT ရဲ့ အရှည် ကောက်စာလုံးက If this, then that ဖြစ်ပါတယ်။ မြန်မာလို အဓိပ္ပါယ်ပြန်ရရင် ဒီလိုဖြစ်ရင် အဲဒီလိုလုပ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ IFTTT ကို ၂၀၁၁ ခုနှစ်မှာစပြီး တည်ထောင်ခဲ့ပါတယ်။ သူက ၀န်ဆောင်မှု လုပ်ငန်းနှစ်မျိုးကို ချိတ်ဆက်ပေးနိုင်ပါတယ်။ ဥပမာ အီးမေးတစ်စောင် ကိုယ့်ဆီဝင်လာတယ်ဆိုပါစို့။ အဲဒီ လိုဆိုရင် ငါ့ကို Skype မှာလာပြီး သတိပေး ပါ ဆိုတာမျိုးပါ။ အသေးစိတ်ကို www.snipca.com/22537 မှာ ၀င်ဖတ်နိုင်ပါ တယ်။ Microsoft Flow က အခပေးဝန်ဆောင်မှုဆိုတော့ IFTTT ထက် သာမယ်လို့ ထင်စရာရှိပါတယ်။ ဒီလိုလည်းမဟုတ် ပါဘူး။ Flow ဟာ Beta အဆင့်ကနေ တက်လာတာ လဂဏန်းပဲရှိပါသေးတယ်။ သူ့ရဲ့ အစောပိုင်း ကာလတွေဆိုပါတော့။ IFTTT က အခမဲ့ဆိုပေမယ့် လုပ်ငန်းစတာ ငါးနှစ် တောင်ရှိပြီမို့ သူ့မှာထင်ရှားတဲ့ အားသာချက်တချို့ရှိပါတယ်။ Microsoft Flow မှာ Automate လုပ်ငန်းစဉ် ရာဂဏန်းလောက်ပဲ ခိုင်းနိုင်တဲ့အချိန်မှာ IFTTT က ထောင်ဂဏန်းလောက်ခိုင်းနိုင်ပါတယ်။ IFTTT နဲ့ တွဲသုံးနိုင်တဲ့ Program နဲ့ Tool (375) ခုရှိချိန်မှာ Microsoft Flow က (၅၈) ခုပဲရှိတဲ့အတွက် အားနည်း ပါတယ်။

ဒါပေမယ့် Flow ကို စမ်းသုံးကြည့်တာဟာ အကျိုးမယုတ်ပါဘူး။ ရှေ့ပိုင်းမှာ IFTTT သုံးဖူးတယ်ဆိုရင်တောင် Flow ထဲမှာ IFTTT နဲ့မတူ တာလေးတွေ တွေ့နိုင်ပါတယ်။ ပြဿနာကတော့ Task set up လုပ်တဲ့ အလုပ်ကို လွယ်ကူအောင် Microsoft က စီစဉ်မပေးထားတာပါ။ ရှေ့မှာပြောခဲ့တဲ့ Outlook - to one drive template ကို တစ်ချက်ကြည့်ရအောင်။ သုံးတဲ့လူ ဟာ ပထမဆုံး https://flow.microsoft.com/ မှာ Signin ၀င်ရပါမယ်။ နောက် တစ်ဆင့်မှာ screen ရဲ့ အပေါ်ဘယ် ဘက်ထောင့်မှာရှိတဲ့ Templates နေရာမှာ ကလစ်နှိပ်ရပါမယ်။ ပြီးရင် အောက်ဘက်ကိုဆင်းသွားပြီး Saving attachments from outlook.com task ကိုရှာရပါမယ်။ တွေ့ပြီဆိုရင် အဲဒီ အပေါ်မှာ ကလစ်နှိပ်ရပါမယ်။ ဒီလိုမလုပ်ချင်ရင် www.snipca.com/22538 မှာဝင်ပြီး လုပ်နိုင်ပါတယ်။ Snipca ရဲ့ page ကိုရောက်ပြီဆိုရင် အပြာရောင် နဲ့ပြထားတဲ့ use this template button မှာ ကလစ်နှိပ်ရပါမယ်။ ပြီးရင် outlook နဲ့ OneDrive account တွေကို sign in လုပ်ရပါမယ်။ ပြီးရင် အဲဒီ tools တွေအတွက် လိုအပ်တဲ့ permission တွေ ပေးရပါမယ်။ ဘယ်လို permission တွေပေးရမှာလည်း အီးမေးတွေကို ကြည့်ခွင့်နဲ့ စီမံခန့်ခွဲခွင့် ပေးရပါမယ်။ ကြားရတာက ကြောက် စရာကောင်းတယ်။ အဓိပ္ပါယ်က Microsoft ဟာ ကိုယ့်ရဲ့ attachment တွေကို OneDrive ထဲ ရွှေ့ခွင့်ရ တယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အီးမေးထဲမှာ ဘာတွေ ရေးထားတယ်ဆို တာ ကိုတော့ ဖတ်မှာမဟုတ်ပါဘူး။ IFTTT အတွက်လည်း အလားတူ ခွင့်ပြု ချက်မျိုးလိုပါတယ်။ ခွင့်ပြုချက်ရပြီဆိုရင် Flow က ရှေ့ဆက်ပြီး ဖြောင့်ဖြောင့် တန်းတန်း အလုပ်လုပ်သွားမှာပါ။

ဒါပေမယ့် ဒုက္ခပေးတာ တချို့လည်းရှိပါတယ်။ သုံးတဲ့လူ စိတ်ရှုပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိစေတဲ့ webpage တစ်ခုကို ပြပေးတာဖြစ်ပါ တယ်။ အဲဒီထဲမှာ သာမန်လူတွေနဲ့ မနီးစပ်တဲ့ ပညာရပ်သုံး ဝေါဟာရတွေ ပါတယ်။ စိတ်ရှုပ်လောက် အောင် ရွေးချယ်ရခက်တဲ့ Options တွေပေးထား ပါတယ်။ အဲဒီပညာရပ် ဝေါဟာရတွေကို အရင် နားလည်အောင် ကြိုးစားဖို့ လိုတယ်။ ညွှန်ကြားချက်တွေကို ရှင်းရှင်းလင်း လင်းသိအောင် ကြိုးစားဖို့လို တယ်။ ဒါမှသာ Flow ကို ယုံကြည်မှုအပြည့်နဲ့ သုံးနိုင်ပါလိမ့်မယ်။

 

 နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 





www.pyaephyo.com

0 comments:

Post a Comment