♪ " မလိုအပ်သော Software များ ဖယ်ရှားသည့်အခါ " ♫

Image may contain: text

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)
-------------------------

ကွန်ပျူတာဝယ်သည့်အခါ တရားဝင် OS နှင့်အတူ ဝယ်သည်ဖြစ်စေ၊ pirated OS နှင့်အတူ ဝယ်သည်ဖြစ်စေ မိမိနှင့်အဆီအငေါ်မတည့်သည့် Software များပါလာမည်မှာ အမှန်။ တရားဝင် OS နှင့်အတူဝယ်ပါက သုံးလသက်တမ်း၊ ခြောက်လသက်တမ်းသာရှိသော Software များ ထည့်ပေးခြင်း၊ တစ်လအစမ်းသုံး Software များထည့်ပေးခြင်းမျိုးရှိသည်။ ယင်းတို့မှာ အတော်ကြာနေလျှင် သက်တမ်းကုန်မည်ဖြစ်ပြီး စက်ထဲတွင်ဖောင်းပွကာ ဒုက္ခပေးမည်ဖြစ်၍ bloatware ဟုခေါ်သည်။ Pirated Software နှင့်အတူ ပါလာသည်တို့က ပိုဆိုးနိုင်သည်။ ရှိသမျှ အခမဲ့ Software ပေါင်းစုံနှင့် crack ဖြည့်ထားသော ဂိမ်းပေါင်းစုံထည့်ပေးမည်ဖြစ်၍ ကွန်ပျူတာစက်လေးနိုင်သည်။ 


OS များထဲတွင် မလိုသော Software များဖယ်ရန်အတွက် Uninstaller များ အသင့်ထည့်ပေးထားပါသည်။ သို့သော် ယင်းတို့က မပြည့်စုံပါ။ User preference ဖိုင်များချန်သည်။ Restore လုပ်ဖို့လိုသောဖိုင်များ ချန်သည်။ တစ်ခါတစ်ရံမှာ Uninstall လုပ်ရင်း ထွက်လာသော Temp ဖိုင်များ ရှိသေးသည်။ ယင်းတို့က Registry မှာဝင်ထောက်နေလျှင် ကွန်ပျူတာလည်ပတ်ဖို့ ဒုက္ခရောက်တော့သည်။ သို့ဖြစ်၍ Software တစ်ခုကို uninstall လုပ်သည့်အခါ ဖျက်သင့်သမျှ ဖိုင်အားလုံးကို ပြောင်စင်အောင်ဖျက်ပေးမည့် Uninstaller Software လိုသည်။ ယင်း Uninstaller များထဲတွင် အခမဲ့ရနိုင်ပြီး အကောင်းဆုံးအဆင့်တွင်ရှိနေသည်မှာ Revo Uninstaller ဖြစ်သည်။ 


Revo Uninstaller ကို www.bit.ly/ revo 408 မှနေ၍ download ချနိုင်သည်။ ကွန်ပျူတာအတွင်းပိုင်းတွင် နက်နက်ရှိုင်းရှိုင်း ကျန်နေသောဖိုင်အစအနများကို ပြောင်စင်အောင်ရှင်းပေးနိုင်သည်။ Windows တွင် ထည့်ပေးထားသော Uninstaller များ သွားဖွင့်ပြီး သုံးသည်ထက် Revo Uninstaller သုံးသည့်က အချိန်ပိုပြီး မကြာပါ။ သုံးရသည်မှာလည်း အလွန်လွယ်သည်။ Revo ၏စာရင်းထဲတွင် မြင်နေရသော program တစ်ခုကို ဘယ်ကလစ် နှစ်ချက်ခေါက်ရုံသာ ဖြစ်သည်။ ယင်းက Uninstall ကို အလိုအလျောက်ရွေးပေးပြီး program နှင့်ပတ်သက်သည့် Registry ဖိုင်များ၊ အကြွင်းအကျန်ဖိုင်များကို ပြသပေးပါသည်။


ယင်းဖိုင်များကို မြင်တွေ့ရပြီးသည့်နောက်တွင် select all ကို ကလစ်နှိပ်ပြီး ရွေးရပါမည်။ ယင်းတို့အားလုံးကို ဖယ်ရှားရန် Delete ကို နှိပ်ရပါမည်။ လုပ်ငန်းစဉ်ထဲတွင် တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ပါက နောက်ပြန်ဆုတ်နိုင်စေရန် restore point ဖမ်းပေးထားခြင်းမှာ Revo Uninstaller ၏ ချစ်စရာကောင်းသောအချက်ဖြစ်သည်။ Revo Uninstaller ကို download ချရသည်မှာ လွယ်ပါသည်။ သို့သော် website ၏ အပေါ်နား၌ Revo အခ ပေး pro version နှင့် ထင်ယောင်ထင်မှားဖြစ် အောင်လုပ်ထားခြင်းရှိသည်။ Web Page ၏အောက်ဘက်နားသို့ ဆင်းသွားပြီး Revo Uninstaller Freeware စာသားဘေးရှိ Free download တွင် နှိပ်ရပါမည်။


အခမဲ့ရသော Revo Uninstaller တွင် Junk ဖိုင်များ မပါပါ။ Windows XP, Vista, 7 သုံးသူများသည် portable version ကို သုံးနိုင်သည်။ Portable version ကို အလိုရှိလျှင် Other downloads ခေါင်းစဉ် အောက်သို့သွားပြီး download button ကို နှိပ်ရပါမည်။ Revo တွင် Hunter Mode tool ပါသည်။ Program များကို ယင်း tool ဖြင့်စစ်ဆေးပြီး force stop လုပ်နိုင်သည်။ ယင်းမျှနှင့် မလုံလောက်ပါက လုံးလုံးလျားလျား Uninstall လုပ်ပစ်နိုင်သည်။ Windows တက်ချိန်တွင် Windows နှင့်အတူ အလိုအလျောက်လိုက်တက်သော program တို့ကို ဖယ်ထုတ်နိုင်သည်။ အကယ်၍ Uninstall mode တွင်မပါဝင်သော program တို့ကို Uninstall လုပ်လိုပါက hunter mode က အသုံးဝင်သည်။ 


Start up program တို့သည် မိမိ၏ System tray တွင်ရှိနေမည်။ ယင်းသည် taskbar ပေါ်ရှိ နာရီဘေးတွင် pop-up window အဖြစ် ဖုံးကွယ်ပြီး ရှိနေပါသည်။ System tray ထဲတွင် ရှိသမျှ အရာအားလုံးသည် junk ဖိုင်မဟုတ်ပါ။ ယင်း Pop-up window ထဲတွင် antivirus လည်းပါ ကောင်းပါနိုင်သည်။ Antivirus သည် ကွန်ပျူတာထဲတွင် အရေးအကြီးဆုံး program ဖြစ်သည်။ အခြားအရေးကြီး program ဖိုင်များလည်း ယင်းနေရာတွင် ရှိနိုင်ပါသည်။


Hunter mode ကိုသုံးရန် ဦးစွာ Rvo installer ကို install လုပ်ပြီး ခေါ်တင်ရပါမည်။ Default အနေဖြင့် ယင်းက ကွန်ပျူတာထဲတွင် install လုပ်ထားသော program များကို ပြသပေးပါမည်။ ထိုအချိန်တွင် Hunter Mode ကို ရှာပြီး နှိပ်ပါ။ Revo Window ပျောက်သွားသော်လည်း program မှာ ဆက်၍ အလုပ်လုပ်နေပါ သည်။ စက်ပစ်ကွင်းပုံသဏ္ဍာန် target icon လေးကို မြင်လာရပါမည်။ ယင်း icon ပေါ်တွင် ညာကလစ် ထောက်ပါ။ ပြီးလျှင်ကျလာသော box ထဲမှ Auto start with windows ကိုရွေးပါ။


ပြီးလျှင် PC ကို Restart ပြန်ချပါ။ Hunter Mode icon သည် desktop ပေါ်တွင် ပေါ်နေပါမည်။ ကွန်ပျူတာ၏ system tray ကိုဖွင့်ပါ။ Hunter Mode ကို drag ဖိဆွဲလာပြီး shortcut တစ်ခုခုနေရာသို့ ပို့ပါ။ ယင်းနေရာရောက်လျှင် mouse ဖိထားခြင်းကို လွှတ်ပါ။ မိမိပိတ်လိုသော program အတွက် Menu ထဲရှိ Kill and Delete process ကို ရွေးပါ။ အကယ်၍ Rvo သုံးပြီး လုံးဝဖယ်ရှားလိုပါက Uninstall တွင် ကလစ်နှိပ်ပါ။


Software များကို တစ်ခုချင်း Uninstall လုပ်ရခြင်းက လက်ဝင်သည်။ အစုလိုက် Uninstall လုပ်နိုင်လျှင် ကောင်းမည်။ အသစ်ထွက် Iobit Uninstaller သည် ယင်းကိစ္စအတွက်ကောင်းသည်။ Batch Uninstall ကို သူ့ Window ထဲမှနေ၍လုပ်ခွင့်ပြုသည်။ ဤ Software ကို www.bit.ly/iobit 408 မှ download ဆွဲချပြီး သုံးနိုင်သည်။ Program ကိုခေါ်တင်ပြီးနောက် မိမိဖယ်ရှားလိုသည်တို့ကို တစ်ခုချင်းရွေးချယ်ပါ။ Program တစ်ခုကို ရွေးလိုက်တိုင်း နေရာလွတ်မည်မျှထွက်လာသည်ကို Iobit က ပြပေးပါသည်။ 


Program များအားလုံးကို တစ်ပြိုင်တည်း Uninstall ပြုလုပ်ပေးခြင်း မဟုတ်ပါ။ တစ်ခုပြီးတစ်ခု Uninstall လုပ်ပေးခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် တစ်ခု Uninstall လုပ်တိုင်း တစ်ကြိမ် Confirm လုပ်ရပါသည်။ ထို့ ကြောင့် Uninstall လုပ်ငန်းမပြီးမခြင်း Iobit ထဲမှ ထွက်၍မရပါ။ Revo နှင့် မတူသည်မှာ Iobit သည် restore point ကို အလိုအလျောက် မဖန်တီးပေးခြင်းဖြစ်သည်။ သို့သော် restore point ဖန်တီးလိုခြင်း ရှိ၊မရှိလာ၍ မေးပါမည်။ Restore point မဖန်တီးခြင်းက ကွန်ပျူတာထဲတွင် space ပို၍ ထွက်လာစေနိုင်သည်။ Restore point များသည် ကွန်ပျူတာထဲတွင် နေရာယူမှုကြီးပါသည်။


အထက်ပါ program နှစ်ခုက Uninstall လုပ်ငန်းစဉ်ကို လွယ်ကူစေသည်ဟုဆိုသော်လည်း မည်သို့မျှ Uninstall လုပ်၍ မလွယ်အောင်ကတ်ဖဲ့နေသော proram များလည်းရှိပါသည်။ ယင်း program များကို ရှင်းလင်း နိုင်သည်။ အစွမ်းထက်လက်နက်မှာ Geek uninstaller ဖြစ်သည်။ အခမဲ့ရရှိပြီး protable အဖြစ် သုံးနိုင်သည်။ www.bit.ly/geek 408 မှ download ချနိုင်သည်။ Download Free နေရာတွင် ကလစ်နှိပ်ပြီး download ချပါ။ ပြီးလျှင် extract လုပ်ပါ။


ပြီးလျှင် .exe ဖိုင်နေရာတွင် ဘယ်ကလစ်နှစ်ချက်ခေါက်ပါ။ ကွန်ပျူတာထဲတွင် install လုပ်ထားသော program များပေါ်လာပါမည်။ Uninstall list ထဲတွင် လာမပြသော program များလည်း လာပြနိုင်သည်။ ခေါင်းမာနေသော program ကိုဖယ်ထုတ်ရန် ယင်းပေါ်တွင် ညာကလစ်ထောက်ပါ။ Force Removal ကိုရွေး ပေးပါ။ ယင်းက registry entry အပါအဝင် ဖိုင်အကြွင်းအကျန်အားလုံးကို ပြောင်စင်အောင်ဖျက်ပေးပါမည်။ မိမိဖယ်ရှားလိုသော program သည် မည်သို့သောအမျိုးအစားဖြစ်သည်။ ယင်းကိုအဘယ်ကြောင့် ဖျက်၍မရ သည်ကို မသိပါက ယင်းတွင် ညာကလစ်ထောက်ပြီး Google for ကိုရွေးပါ။ သက်ဆိုင်ရာသတင်းအချက် အလက်ကို အင်တာနက်တွင် တက်ရှာပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment