♪ iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း ♫


Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို အဆင့်မြင့် နည်းပညာများ ပါလာပါတယ်။ Xiaomi Mi Mix ရဲ့ ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းကို iPhone X မှာ သာမက မကြာခင်က မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Note 8 တို့မှာ ထည့်သွင်းထားပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည်မြင့် ဘေးဘောင်မဲ့ မျက်နှာပြင် စမတ်ဖုန်းများ ဖြစ်တဲ့ iPhone X နဲ့ Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ် သုံးသပ်ပေးလိုက်ပါတယ်။ 

iPhone X vs Samsung Galaxy Note 8
iPhone X နဲ့ Galaxy Note 8 တို့ရဲ့ ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်း ချဉ်းကပ်ပုံက ကွဲပြားကြပါတယ်။ iPhone X ဟာ Note 8 ထက် ဘေးဘောင်များ နည်းပါးပါတယ်။ iPhone X ရဲ့ အရှေ့ဘက်မှာ TrueDepth Camera System , Infrared Camera , 7MP Camera , Speaker , Microphone , Sensors များအတွက် ထိပ်ပိုင်းမှာ နေရာအနည်းငယ်သာ ယူထားပြီး ကျန်တဲ့ ဧရိယာဟာ စကရင် အပြည့် ဖြစ်ပါတယ်။ Apple က ၅.၈ လက်မ OLED Panel ကို တပ်ဆင်ထားပြီး Super Retina Display လို့ အမည်ပေးထားပါတယ်။ Resolution မှာ 2436×1125 Pixels ဖြစ်ပြီး 458 ppi ဖြစ်ပါတယ်။ မျက်နှာပြင်က Dolby Vision နဲ့ HDR တို့ကို ထောက်ပံ့ပါတယ်။ မျက်နှာပြင်နဲ့ အနောက်ဘက်ကို ခြစ်ရာခံနိုင်တဲ့ ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ 

Note 8 မှာတော့ ပိုမိုကြီးမားတဲ့ ၆.၃ လက်မ Super AMOLED Infinity Display တပ်ဆင်ထားပြီး Resolution မှာ 2960×1440 Pixels ဖြစ်ပါတယ်။ 521 ppi ဖြစ်တဲ့အတွက် iPhone X ထက် Pixel သိပ်သည်းပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှာတော့ ဘေးဘောင် အနည်းငယ် ပါပါတယ်။ Sensors , Camera များကို အထက်မှ ဘောင်မှာ တပ်ဆင်ထားပြီး အောက်က ဘောင်ကတော့ ဒီဇိုင်းအတွက်သာ ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Corning Gorilla Glass 5 ဖြင့် ဖုံးအုပ်ထားပါတယ်။ iPhone X နဲ့ Note 8 တို့ဟာ ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။ 

iPhone X မှာ Hexa-Core CPU ပါတဲ့ A11 Bionic Chipset နဲ့ Note 8 မှာ S8 မှာလို Exynos 8895 Octa-Core Processor ထည့်သွင်းထားပါတယ်။ A11 Bionic Chipset မှာ M11 Motion Coprocessor နဲ့အတူ ဥာဏ်ရည်တု နည်းပညာ ပါပါတယ်။ Core ၆ လုံးမှာ ၂ လုံးဟာ စွမ်းရည်မြင့် အမျိုးအစားများ ဖြစ်ပြီး ကျန် ၄ လုံးမှာ စွမ်းအင် စားသုံးမှု နည်းပါးတဲ့ အမျိုးအစားများ ဖြစ်ပါတယ်။ A11 Bionic Chipset ရဲ့ အားသာချက်မှာ Core တစ်ခုချင်းစီဟာ သီးခြားစီ အလုပ်လုပ်နိုင်တဲ့အတွက် စွမ်းအင် စားသုံးမှု နည်းပါးသလို လျှင်မြန်ပါတယ်။ 

Note 8 မှာ 6GB RAM ပါပြီး 64 or 128 or 256GB Storage များ ရွေးချယ်နိုင်ပါတယ်။ iPhone X အတွက် 64 or 256GB Storage များ ထုတ်လုပ်ပေးထားပါတယ်။ iPhone X ရဲ့ RAM ပမာဏကတော့ Note 8 ထက် နည်းပါးပါတယ်။ ဒါဟာ ဖုန်းကို လျှင်မြန်စွာ အသုံးပြုနိုင်ဖို့ ပမာဏများတဲ့ RAM ကို မှီခိုစရာ မလိုအောင် Apple က iOS 11 ကို ဖန်တီးထားခြင်းကြောင့် ဖြစ်ပါတယ်။ Note 8 မှာတော့ Android 7.1.1 Nougat ကို အခြေပြုထားတဲ့ ဆော့ဖ်ဝဲ ထည့်သွင်းထားပါတယ်။ 

ကင်မရာအပိုင်းမှာတော့ iPhone X နဲ့ Note 8 တို့မှာ အနောက်ကင်မရာ ၂ လုံးစီ တပ်ဆင်ထားပါတယ်။ iPhone X မှာ 12MP Rear Camera ၂ လုံးတပ်ဆင်ထားပြီး မြင်ကွင်းကျယ်နဲ့ Telephoto တို့ ဖြစ်ပါတယ်။ ၂ လုံးစလုံးမှာ Optical Image Stabilization ပါပါတယ်။ Note 8 မှာလည်း မြင်ကွင်းကျယ် ကင်မရာနဲ့ Telephoto Camera များကို အနောက်ဘက်မှာ တပ်ဆင်ထားပြီး Optical Image Stabilization ပါပါတယ်။ 12MP Camera များ ဖြစ်ပါတယ်။ 

iPhone X မှာ Portrait Mode ဟာ ပိုမို တိုးတက်လာပြီး သဘာဝ အလင်းရောင်ရဲ့ Effect ကို ချိန်ညှိနိုင်တဲ့ Portrait Lighting Feature ပါလာပါတယ်။ Note 8 မှာလည်း iPhone X ရဲ့ Portrait Mode နဲ့တူတဲ့ Live Focus Feature ပါပါတယ်။ iPhone X ရဲ့ အရှေ့ဘက်မှာ 7MP Camera ပါပြီး Portrait Mode ကိုထောက်ပံ့ပါတယ်။ Note 8 ရဲ့ အရှေ့ ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ 

Note 8 မှာ S Pen ပါပြီး ဖုန်းမှာ စာရေးခြင်း၊ ပုံဆွဲခြင်းများကို ပြုလုပ်နိုင်ပါတယ်။ အနောက်ဘက်မှာ Fingerprint Scanner နဲ့ Iris Sensor တပ်ဆင်ထားပါတယ်။ iPhone X မှာ Fingerprint Scanner ကို ဖယ်ရှားထားပြီး မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ Face ID ပါပါတယ်။ စမတ်ဖုန်း နှစ်လုံးစလုံးမှာ Qi ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပါတယ်။ တစ်ခါအားအပြည့်သွင်းထားရင် တစ်ရက်ကျော် အသုံးခံပါတယ်။



Credit to ==> DigitalTimes.com.mm









<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>


 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment