♪ ဓာတ်ပုံတွေကို စနစ်တကျ စုစည်းထားဖို့အတွက် IPhone Photo Album တွေကို ဘယ်လို သုံးမလဲ ♫


iPhone မှာ ဓာတ်ပုံတွေကို စနစ်တကျ စုစည်းထားရှိဖို့ အခက်တွေ့နေသူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်း များအတိုင်း ပြုလုပ်ခြင်းဖြင့် iPhone photo album တွေကနေ ဓာတ်ပုံတွေကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်စေ ပါလိမ့်မယ်။ ဒီနည်းလမ်းတွေကို iOS 10 သုံးထားတဲ့ iPhone တွေမှာပဲ ပြုလုပ်နိုင်ပါတယ်။
iPhone Photo Album ဆိုတာ

ဓာတ်ပုံတွေကို album တွေမှာ စုစည်းထားရှိမယ့်နည်းလမ်းတွေကိုမပြောခင် iPhone မှာ ဓာတ်ပုံတွေ သိမ်းဆည်းပုံနည်းလမ်းကို အကျဉ်းချုပ်ပြောပြချင်ပါတယ်။
iPhone camera ကနေ ဓာတ်ပုံတစ်ပုံရိုက်လိုက်တဲ့အခါမှာ ဓာတ်ပုံကို Photos app မှာ သိမ်းဆည်းပေးပါတယ်။ Photos app အတွင်းမှာ ဓာတ်ပုံတွေကို အလိုအလျောက်စုစည်းပေးထားမယ့် default album တွေရှိပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက ကိုယ်ပိုင် album တွေကို ဖန်တီးပြီး ဓာတ်ပုံတွေကို စုစည်းထားနိုင်ပါတယ်။

ဒါကြောင့် album တစ်ခုဟာ ကွန်ပျူတာပေါ်က folder တွေလိုပဲ ဓာတ်ပုံတွေကို သိမ်းဆည်းပေးမယ့် နေရာတစ်ခုဖြစ်ပါတယ်။
iPhone photo album တွေကို Photos app ရဲ့ ညာဘက်အောက်က Albums ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
All Photos Album
 ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ screenshot တွေနဲ့ Live Photos အားလုံးကို သိမ်းဆည်းပေးထားတဲ့ main album ကို All Photos album လို့ခေါ်ပါတယ်။
ဒါပေမဲ့ Apple ထုတ်ကုန်တွေက ဓာတ်ပုံတွေကို sync လုပ်ဖို့ Settings app မှာ iCloud Photos feature ကို ပိတ်ထားတယ်ဆိုရင် အဲ့ဒီ album ကို All Photos album အစား Camera Roll ဆိုပြီး မြင်ရပါမယ်။ အခုဖော်ပြမယ့်နည်းလမ်းမှာ Camera Roll နဲ့ All Photos album တွေကို All Photos album အနေနဲ့ ညွှန်းဆိုသွားပါမယ်။
ဓာတ်ပုံနဲ့ ဗီဒီယိုအားလုံးကို ကြည့်ဖို့အတွက် All Photos album ကို နှိပ်ပါ။ Screen ရဲ့ထိပ်ဘက်ပိုင်းမှာ album အမည် (All Photos) ကို တွေ့ရမှာဖြစ်ပြီး အောက်ဘက်မှာတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို thumbnail တွေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
Default iPhone Photo Albums

Photos app မှာ All Photos album အပြင် အခြား default album တွေလည်း ပါဝင်ပါတယ်။
Default album ဆိုတာက သက်ဆိုင်ရာ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုသိမ်းဆည်းဖို့ အလိုအလျောက် ဖန်တီးပေးထားတဲ့ album တစ်ခုဖြစ်ပါတယ်။ ဥပမာအနေနဲ့ iPhone နဲ့ ဗီဒီယိုရိုက်တဲ့အခါမှာ Videos album တစ်ခုကို ဖန်တီးပေးပါတယ်။ ဒါကြောင့် အဲ့ဒီ album ထဲမှာ ဗီဒီယိုအားလုံးကို အလွယ်တကူ အတူတကွ မြင်တွေ့နိုင်ပါတယ်။
အကယ်လို့ အရှေ့ကင်မရာနဲ့ selfie ဓာတ်ပုံ ရိုက်လိုက်တဲ့အခါ Selfies album တစ်ခုကို ဖန်တီးပေးပြီး ဓာတ်ပုံတွေကို တစ်နေရာတည်းမှာ သိမ်းဆည်းပေးပါတယ်။
Slo-mo နဲ့ Time-Lapse ဗီဒီယိုတွေ၊ burst mode နဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ Screenshot တွေအတွက်လည်း album တွေကို အလိုအလျောက် ဖန်တီးပေးပါတယ်။
ဓာတ်ပုံတွေကို Favorite အဖြစ် သတ်မှတ်ထားတယ်ဆိုရင် အဲ့ဒီဓာတ်ပုံတွေကို Favorites လို့ခေါ်တဲ့ album မှာ တွေ့မြင်ရပါမယ်။
လူအများနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတော့ People album မှာ သိမ်းဆည်းပေးပါတယ်။ အဲ့ဒီ album ဟာ ဓာတ်ပုံမှာပါတဲ့ လူတွေရဲ့ မျက်နှာတွေနဲ့ နာမည်တွေကို ရွေးချယ်ပေးနိုင်ပါတယ်။
ဓာတ်ပုံတွေအတွက် Settings app မှာ Location Service တွေကို ဖွင့်ထားတယ်ဆိုရင်တော့ Places ဆိုတဲ့ album ကို တွေ့ရပါမယ်။ အဲ့ဒီ album ဟာ ဓာတ်ပုံရိုက်ခဲ့တဲ့နေရာအပေါ်မူတည်ပြီး ကမ္ဘာ့မြေပုံပေါ်မှာ ဓာတ်ပုံတွေကို ပြသပေးပါလိမ့်မယ်။
Recently Deleted album မှာတော့ ဖျက်ထားတဲ့ ဓာတ်ပုံတွေကို တွေ့နိုင်ပါတယ်။ ၂၉ ရက်အကြာမှာတော့ အဲ့ဒီဓာတ်ပုံတွေကို ဖုန်းကနေ အပြီးတိုင်ဖျက်ပေးမှာ ဖြစ်ပါတယ်။
တစ်ခုမှတ်ထားရမှာက ဓာတ်ပုံနဲ့ ဗီဒီယိုအားလုံးကို main All Photos album မှာ အမြဲသိမ်းဆည်းပေးထားတယ်ဆိုတာပါပဲ။
Album တွေက iPhone ရဲ့ Storage အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ

လူတွေ နားလည်မှုလွဲတဲ့အချက်တစ်ခုကတော့ မတူညီတဲ့ photo album တွေက iPhone ရဲ့ storage မှာ နေရာအများအပြား ယူတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
All Photos album အပြင် အခြား album တစ်ခုမှာ ကြည့်လို့ရတဲ့ ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် ဗီဒီယိုတစ်ခုက ဖုန်းရဲ့ နေရာလွတ်ပမာဏ နှစ်ဆ ပိုယူတယ်လို့ ထင်နေကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ထင်မြင်ချက်ပါ။
အမှန်တကယ်က iPhone မှာ ဓာတ်ပုံတစ်ပုံကိုပဲ သိမ်းဆည်းပေးပါတယ်။ မူရင်းဓာတ်ပုံကို All Photos album အတွင်းမှာပဲ သိမ်းဆည်းပေးပြီး အခြား album တွေက သက်ဆိုင်ရာ ဓာတ်ပုံတွေကို စုစည်းဖော်ပြပေးခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် album သစ်တစ်ခုမှာ ဓာတ်ပုံတစ်ပုံထည့်သွင်းတဲ့အခါ ဖုန်းက ဓာတ်ပုံကို copy လုပ်တာ မဟုတ်တဲ့အတွက်ကြောင့် iPhone မှာ ဓာတ်ပုံကို copy အများအပြားနဲ့ သိမ်းဆည်းထားတယ်ဆိုတဲ့ ထင်မြင်ချက်က မှားယွင်းတယ်လို့ ဆိုရမှာပါ။
Album သစ်တွေမှာ ဓာတ်ပုံတွေကို ဘယ်လိုထည့်မလဲ
iPhone က default photo album တွေကို ဖန်တီးပေးပေမယ့်လည်း သုံးစွဲသူတွေက ကိုယ်ပိုင် album တွေကို နှစ်သက်ရာ နာမည်တွေနဲ့ ဖန်တီးနိုင်ပါတယ်။
iPhone မှာ album သစ်တွေကို ဖန်တီးတာဟာ ဓာတ်ပုံတွေကို collection အမျိုးမျိုးမှာ စုစည်းထားဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက်ကြောင့် ကိုယ်ကြည့်ချင်တဲ့ ဓာတ်ပုံတွေကို အလွယ်တကူ ရှာဖွေပြီး ကြည့်နိုင်ပါလိမ့်မယ်။
ဥပမာအနေနဲ့ Landscapes လို့ခေါ်တဲ့ album တစ်ခုမှာ ကိုယ်နှစ်သက်တဲ့ ရှုခင်းပုံအားလုံးကို ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် ခရီးစဉ်တစ်ခုရဲ့အမည်နဲ့ album တစ်ခုဖန်တီးပြီး အားလပ်ရက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထည့်သွင်းနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ပြင်ဆင်လိုတဲ့ ဓာတ်ပုံတွေကို Photos to Edit လို့အမည်ပေးထားတဲ့ album တစ်ခုမှာ သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလိုသိမ်းဆည်းထားတဲ့အခါ photo editing app တစ်ခုကနေ ပြင်ချင်တဲ့ဓာတ်ပုံတွေကို အလွယ်တကူရှာဖွေပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
Album တွေဖန်တီးပြီး ဓာတ်ပုံတွေထည့်သွင်းတာက iPhone ရဲ့ storage အပေါ် ထိခိုက်မှုမရှိဘူးဆိုတာကို မမေ့ပါနဲ့။
အကယ်လို့ အခြား album တစ်ခုမှာ ဓာတ်ပုံတစ်ပုံ ထည့်သွင်းမယ်ဆိုရင်တောင် iPhone မှာ ဓာတ်ပုံရဲ့ copy တစ်ခုပဲ ထားရှိပေးပါတယ်။ ဒါကြောင့် album အများအပြားမှာ ဓာတ်ပုံတစ်ပုံထည့်သွင်းတဲ့အခါ သိုလှောင်မှုပမာဏ ကုန်ဆုံးမယ့်အရေး တွေးပူစရာမလိုပါဘူး။
Photos app မှာ album တွေကို နည်းလမ်းနှစ်ခုနဲ့ ဖန်တီးပြီး ဓာတ်ပုံတွေကို ထည့်သွင်းနိုင်ပါတယ်။
နည်းလမ်း (၁) – Album သစ်တစ်ခု ဖန်တီးခြင်း
ပထမဆုံးနည်းလမ်းက album သစ်တစ်ခု အရင်ဆုံးဖန်တီးပြီး ဓာတ်ပုံတွေထည့်သွင်းတဲ့နည်း ဖြစ်ပါတယ်။
Main Albums screen မှာ ဘယ်ဘက်အပေါ်ထောင့်က + သင်္ကေတကိုနှိပ်ပြီး album ကို အမည်ပေးပါ။ ပြီးရင် Save ကိုနှိပ်ပါ။

အဲ့ဒီအခါ album မှာ နှစ်သက်ရာ ဓာတ်ပုံတွေကို ထည့်သွင်းနိုင်ပါပြီ။ Album သစ်မှာ ဓာတ်ပုံတွေ ထည့်သွင်းဖို့အတွက် All Photos album ကိုသွားပါ။ ဓာတ်ပုံတွေကို thumbnail နဲ့ ကြည့်ရပါမယ်။ ပြီးရင် ညာဘက်အပေါ်ထောင့်က Select ကိုနှိပ်ပြီး ထည့်သွင်းချင်တဲ့ ဓာတ်ပုံတွေကို ရွေးပါ။

အဲ့ဒီနောက် screen အောက်ခြေက Add to ကိုနှိပ်ပါ။

နည်းလမ်း (၂) – Album တစ်ခုထံ ဓာတ်ပုံများ ထည့်သွင်းခြင်း
ဒုတိယ နည်းလမ်းကတော့ ဓာတ်ပုံတွေကို အရင်ရွေးပြီး album သစ်တစ်ခုထံ ဒါမှမဟုတ် ရှိပြီးသား album ထံ ထည့်သွင်းတဲ့နည်း ဖြစ်ပါတယ်။
ဓာတ်ပုံတွေကို select လုပ်ဖို့အတွက် thumbnail screen ရဲ့ ထိပ်ဘက်က Select ကို နှိပ်ပြီး ကိုယ်နှစ်သက်တဲ့ ဓာတ်ပုံတွေကို ရွေးပါ။

ပြီးရင် screen အောက်ခြေက Add to ကိုနှိပ်ပါ။ ဓာတ်ပုံတွေကို ရှိပြီးသား album မှာထည့်သွင်းဖို့အတွက် နှစ်သက်ရာ album ကို ရွေးပါ။ Album အသစ်တစ်ခု ဖန်တီးမယ်ဆိုရင်တော့ New Album option ကိုနှိပ်ပါ။ ပြီးရင် Album အတွက် အမည်ထည့်သွင်းပြီး Save လုပ်ပါ။ ရွေးချယ်ထားတဲ့ ဓာတ်ပုံတွေကို album မှာ ထည့်သွင်းပေးပါလိမ့်မယ်။

Album ထဲမှာထည့်သွင်းထားတဲ့ ဓာတ်ပုံတွေကို ကြည့်မယ်ဆိုရင်တော့ screen ရဲ့ ဘယ်ဘက်ထိပ်က Albums ကိုနှိပ်ပါ။ ပြီးရင် အောက်ဘက်ကို scroll လုပ်ပြီး ကိုယ်ကြည့်ချင်တဲ့ album ကို ရွေးလိုက်ရုံပါပဲ။





Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com

0 comments:

Post a Comment