♪ “Vertu မိုဘိုင်းဖုန်းကုမ္ပဏီပြိုလဲခြင်း (သို့) အလှအပနှင့်နည်းပညာတို့ ပေါင်းစည်းချိန်” ♫

Image may contain: text

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းက Vertu ဟု ဆိုလိုက်လျှင် ကျောက်မျက်ရတနာများ တလက်လက် စီခြယ်ထားသော တန်ဖိုးကြီး မိုဘိုင်းဖုန်းများကို ပြေးမြင်မိကြပေလိမ့်မည်။ ဗြိတိန်အခြေစိုက် Vertu ကုမ္ပဏီမှ ထုတ်လုပ်သောမိုဘိုင်းဖုန်းများသည် တန်ဆာဆင်ထားသော ရွှေနှင့်ကျောက်မျက်ရတနာများကြောင့် ဆက်သွယ်ရေး ကိရိယာ တစ်ခုထက် အမြတ်တနိုးတန်ဖိုး ထားစရာ ရတနာပစ္စည်းတစ်ခုအဖြစ် ပိုမိုနေရာရခဲ့လေသည်။ ယခုနောက်ဆုံးထွက်ပေါ်လာသော သတင်းများ အရတော့ Vertu ပြိုလဲသွားခဲ့ပြီဟု သိရ၏။ မည်သို့သော အခက်အခဲ များကြောင့် Vertu သေဆုံးသွားခဲ့ရပါသနည်း။

အတိတ်တစ်ချိန်က Luxury ဈေးကွက်တန်းဝင်ခဲ့သော Vertu ဖုန်းများ သည် ကျောက်မျက်ရတနာများကြောင့် စတာလင်ပေါင်သောင်းချီ၍ပင် တန်ဖိုးရှိခဲ့လေသည်။ ပုံမှန်မိုဘိုင်းဖုန်းတစ်လုံးမှာ ပေါင် ၁၁၀၀၀ အထိ ရှိခဲ့သလို ပန်းဆီရောင်ရွှေသား ၁၈ ကာရက်ဖြင့် ကိုယ်ထည်ဒီဇိုင်း ထုတ်ထားသော Vertu ဖုန်းတစ်လုံးမှာ ပေါင် ၃၉၁၀၀ အထိပင်ပေါက်ဈေးရှိခဲ့ဖူးသည်။ နည်းပညာဈေးကွက် ကျွမ်းကျင်သူတစ်ဦးကတော့ တန်ဖိုးရှိရတနာပစ္စည်းများဖြင့် အလှဆင်သော အခြားစမတ်ဖုန်းကုမ္ပဏီများ ၏ ဈေးကွက်ဝေစုလုယူမှုက Vertu ကို ပြိုလဲစေခဲ့သည့် လက်သီးချက် တစ်ချက်ဟု သုံးသပ်သွားခဲ့သည်။ Vertu တာဝန်ရှိသူ တစ်ဦးကို BBC သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကုမ္ပဏီလည်ပတ်မှုအားလုံး ရပ်ဆိုင်းသွားခဲ့ပါပြီ။ ကျွန်တော်ကိုယ် တိုင်လည်း ကုမ္ပဏီထံက လစာငွေကြေး ထပ်ရဖို့မရှိတော့ပါဘူး”ဟု အတည်ပြုသွား ခဲ့သည်။

<Vertu နှင့် လက်လွှဲပြောင်းမှုများ>
ပြီးခဲ့သောမတ်လအတွင်းက Vertu ကုမ္ပဏီကို ပိုင်ရှင်ဟောင်းဖြစ်သူ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက တူရကီ လူမျိုးတစ်ဦးအားရောင်းချခဲ့သည်။ Daily Telegraph သတင်းစာ၏ အဆိုအရ ပဲရစ်မြို့တွင် နေထိုင်သောတူရကီသူဌေး Hakan Uzan က ပေါင် ၁.၉ သန်းဖြင့် လွှဲပြောင်းဝယ်ယူခဲ့ကြောင်း သိရသည်။ သို့သော် ထိုအချိန်တွင် ကုမ္ပဏီ၏ လိုငွေပြမှုပမာဏက ပေါင် ၁၂၈ သန်း ရှိနေပြီဖြစ်၏။ တစ်နည်း ပြောရလျှင်တော့ ပိုင်ရှင်ဟောင်းက Hakan Uzan ထံသို့ Vertu ကို နွားမရွှံ့ပိတ်ရောင်း လိုက်ခြင်းသာဖြစ်၏။ (ဂျင်း) ထည့်လိုက်ခြင်း သာဖြစ်၏။

သို့သော် မစ္စတာ Uzan အနေဖြင့် Vertu ကို ချောက်ကမ်းပါးအတွင်းမှ ဆွဲတင်ရန် တတ်နိုင်သလောက် ကြိုးစားခဲ့ပါသေးသည်။ နည်းပညာပိုင်း အရလည်းကောင်း၊ကုမ္ပဏီလိုင်စင်ပိုင်းအတွက်လည်းကောင်း ပြန်လည် အဖတ်ဆည်ရန် ကြိုးစားခဲ့ပါသေးသည်။ ယင်းအချက်နှင့်ပတ်သက်၍ IHS ဈေးကွက်သုတေသီအဖွဲ့မှ လေ့လာသူ Ian Fogg က “တော်တော်လေး ထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ။ လက်မှုပစ္စည်းအဖြစ် အသေးစိတ် ထုတ်လုပ်ဖန်တီးထားတဲ့ Vertu မိုဘိုင်းဖုန်းတွေဟာ အသံတိုးလွန်းနေ သလို ဈေးနှုန်းကတော့ အဆမတန်မြင့်မားလွန်းခဲ့ပါတယ်။ ပြောရရင်တော့ နည်းပညာပိုင်းကို လျစ်လျူရှုခဲ့ပြီး အလှအပနဲ့ ဖက်ရှင်ဖက်ကို ပိုပြီးအားစိုက် ခဲ့တဲ့အနေအထားပါ” ဟု သုံးသပ်သွားခဲ့သည်။ တစ်နည်းအားဖြင့် Vertu ဖုန်းများကို Apple ၏အလှအပ တန်ဆာဆင်ထားသည့် iPhone အချို့နှင့် နှိုင်းယှဉ်ပြောကြားခဲ့ခြင်းပင်ဖြစ်၏။ Vertu ၏မိုဘိုင်းဖုန်း မျက်နှာပြင်ကို နီလာကျောက် အားပြုပြင်ဖန်တီးတန်ဆာ ဆင်ထားသလို iPhone တွင်လည်း အလားတူတန်ဆာဆင်မှုများ ရှိခဲ့ဖူးသည်။ သို့သော် Apple သည် မလိုအပ်ဘဲ ကုန်ကျစရိတ်များပြားလွန်းသလို တန်ဖိုးမြင့်မား စွာသတ်မှတ်ရခြင်းများကြောင့် ယင်းနည်းလမ်းကို စွန့်လွှတ်ခဲ့သည်။

ကျောက်မျက်များဖြင့် တန်ဆာဆင်ခြင်းကိုလည်း ထိရောက်သည့် ဆွဲဆောင်မှုတစ်ရပ်ဟု မရှုမြင်တော့ပေ။
ယင်းအချက်နှင့်ပတ်သက်၍ မစ္စတာ Fogg က “ကျောက်မျက်ရတနာနဲ့ ဖုန်းမျက်နှာပြင်ကို တန်ဆာဆင်တာက ခက်ခဲသလို ထိရောက်မှုလည်း သိပ်မရှိပါဘူး။ လက်တွေ့အကျဆုံးနဲ့ အကျိုးအမြတ်အရှိဆုံးနည်းလမ်း ကတော့ ထိခိုက်မှုဒဏ်ကို ခံနိုင်ပြီး မာကျောတဲ့ မျက်နှာပြင်ကို ထုတ်လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်”ဟု ထောက်ပြသွားခဲ့ လေသည်။ ထိုအချိန် တွင် Vertu ကဲ့သို့ပင် စမတ်ဖုန်း၊ မိုဘိုင်းဖုန်းများကို တန်ဖိုးကြီးကျောက်မျက် ရတနာများနှင့် တန်ဆာဆင်သည့် အခြားစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီ များ မရှိမဟုတ်၊ ရှိခဲ့ပါ၏။ လှပသောတွင်းထွက်ကျောက်များ၊ ရွှေ၊ ငွေ၊ ပလက်တီနမ် စသော တန်ဖိုးကြီးသတ္ထုများဖြင့် တန်ဆာ ဆင်ခြင်းများသည် စမတ်ဖုန်းများ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်က တည်းက ခေတ်စားလာခဲ့သည်မှာ လက်ရှိအချိန်အထိပင်ဖြစ်တော့သည်။ သို့သော် ဈေးကွက်ကို ရေရှည်သိမ်းပိုက်နိုင်ဖို့အတွက် စိတ်ချရသော နည်းလမ်းတော့ မဟုတ်ပါချေ။

<လက်တစ်ဆုပ်စာ လူနည်းစုအတွက်လား>
ကျောက်မျက်ရတနာနှင့် ရွှေ၊ ငွေများ တန်ဆာဆင်စီခြယ်ထားသော စမတ်ဖုန်း၊ မိုဘိုင်းဖုန်းများသည် ချမ်းသာ ကြွယ်ဝသော လက်တစ်ဆုပ် စာလူနည်းစုအတွက်သာဖြစ်လေသည်။ ထိုလူချမ်းသာများသည်ကျောက်မျက် အလှဆင်စမတ်ဖုန်းများကို တွေ့မြင်လိုက်ချိန်တွင် တန်ဖိုးကြီးကြီးပေး၍ ၀ယ်ယူလိုက်ကြပေမည်။ သို့သော် ၎င်းတို့၏နှစ်သက် မှု၊ မြတ်နိုးမှုများသည် ကြာကြာ မခံကြောင်းကို စစ်တမ်းများအရ သိရှိရလေ သည်။ အချိန်ကြာလာသည်နှင့်အမျှ လက်ရှိကိုင်ဆောင် အသုံးပြုနေသော စမတ်ဖုန်းသည် ၎င်းတို့အတွက် ငြီးငွေ့စရာဖြစ်သွားကြလေသည်။ ထိုအခါ နောက်ဆုံးပေါ် စမတ်ဖုန်းများကို ထပ်မံဝယ်ယူကြပြန်လေသည်။ ၎င်းတို့ကိုယ်တိုင် ထိုအကြောင်းကို သိရှိနားလည်သဘောပေါက်လာသော အခါတွင် Vertu ကဲ့သို့ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းများသည် ခိုင်မာသော ဖောက်သည်များကို တတိတိနှင့် ဆုံးရှုံးရလေတော့သည်။

ယခုတော့ Vertu ကုမ္ပဏီပြိုလဲခြင်းနှင့်အတူ ယင်းကုမ္ပဏီအပေါ် မှီခိုနေရသော ၀န်ထမ်းပေါင်း ၂၀၀ တို့၏ အနာဂတ်သည်လည်း မရေမရာဖြစ်လာခဲ့ရပြီဖြစ်သည်။ ကယ်တင်ရှင်အဖြစ်ခံယူထားသော တူရကီလုပ်ငန်းရှင် မစ္စတာ Hakan Uzan ကိုယ်တိုင်လည်း ဘာမှမ တတ်နိုင်တော့။ တကယ်တော့ Vertu ကုမ္ပဏီ၏ပြိုလဲခြင်းသည် ယခုမှ ရုတ်ချည်းဖြစ်ပေါ်လာသော ကပ်ဆိုးတစ်ခုတော့ မဟုတ်ပါ။

လွန်ခဲ့သောနှစ်ကတည်းကပင် Vertu ကုမ္ပဏီသည် ယိုင်နဲ့နဲ့ဖြစ်လာ ခဲ့ပြီး ရောင်းအား သိသိ သာသာ ကျဆင်းလာခဲ့သည်။ ပြီးခဲ့သောနှစ်၊ သြဂုတ်လအတွင်းက Vertu ကုမ္ပဏီ၏ ကြေညာချက်တစ်ရပ်တွင် “မိုဘိုင်းဖုန်း တစ်လုံးကို မူရင်းရောင်းဈေးထက် ထက်ဝက်လောက်လျှော့ချ ခဲ့ပေမယ့် ၀ယ်လိုအား မရှိတော့ပါဘူး။ ဈေးကွက်အတွင်း အခြေအနေတော်တော်ဆိုးရွားနေပါပြီ” ဟု ဖော်ပြထားခဲ့သည်။ ထိုအချိန်တွင်အထက်ကဖော်ပြခဲ့သလို လိုငွေပြမှု တစ်ဖြစ်လဲ အရှုံးပြမှု ပမာဏသည် ပေါင် ၁၂၈ သန်းအထိ ရောက်ရှိနေခဲ့ပြီဖြစ်တော့သည်။

<Vertu ဆိုသည်မှာ>
Vertu ဆိုသော Luxury မိုဘိုင်းဖုန်းကုမ္ပဏီကို ၁၉၉၈ ခုနှစ်တွင် ဖင်လန်အခြေစိုက် မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Nokia က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သာမန်မိုဘိုင်းဖုန်းများကို Nokia အမည်ဖြင့် ထုတ်လုပ်သော်လည်း လူချမ်းသာများအတွက် အဓိက ရည်ရွယ်သော ကျောက်မျက်စီခြယ်ထားသောစမတ်ဖုန်းများကိုမူ ဗြိတိန် တွင် Vertu အမည်ဖြင့်သာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အချို့သော မိုဘိုင်းဖုန်းများတွင် ပန်းထိမ်ဆရာကဲ့သို့ လက်မှုပညာရှင်များ၏ အသေးစိတ်ခြယ်မှုန်း သောလက်ရာများပါဝင်သလို လက်ဖြင့်ဖြတ်တောက် ချုပ်လုပ်ထားသော သားရေပစ္စည်းများဖြင့်လည်း တန်ဆာဆင်ထားသေး သည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအရောက်တွင် Nokia သည် Vertu ကုမ္ပဏီကို EQT VI ဆိုသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အုပ်စုလက်အတွင်းသို့ လွှဲပြောင်းရောင်းချခဲ့သည်။ တန်ဖိုးငွေကိုမူ အတိအကျဖော်ပြခဲ့ခြင်း မရှိ။ သို့သော် ထိုအချိန်က Vertu ၏ အခြေအနေက သိသိသာသာ ဆိုးရွား သွားခြင်းမရှိသေးပေ။ ပုံမှန်ဖောက်သည် ၃၅၀၀၀၀ နှင့် လက်လွှဲရောင်းချသူ ကိုယ်စား လှယ် ၅၀၀ ခန့်အထိ ရှိထားပြီး ကောင်းကောင်း ရပ်တည်နိုင်သည့်အခြေအနေကို ပိုင်ဆိုင်ထားပါသေးသည်။ သို့သော် လည်း နည်းပညာပိုင်းကို အဆင့်မမြှင့်ဘဲ အလှအပဘက်ကို ဆက်လက် ဦးစားပေးခဲ့ခြင်းနှင့် iPhone များ၏အသုံးဝင်ခြင်း၊ ဖက်ရှင်ကျ ခြင်းတို့ပေါင်းစပ်လိုက်သောအခါ ၂၀၁၄-၁၅ ခုနှစ်ဝန်းကျင်တွင် Vertu သည် အပစ်ပယ်ခံဘ၀သို့ ရောက်ရှိသွားခဲ့တော့သည်။ ၂၀၁၅ ခုနှစ်အရောက် တွင် EQT VI သည် Vertu ကို ဟောင်ကောင်အခြေစိုက် ဦးပိုင်ကုမ္ပဏီ တစ်ခုဖြစ်သော Godin Holdings သို့ ထပ်မံလွှဲပြောင်းရောင်းချခဲ့ပြန်သည်။ ထိုမှတစ်ဆင့် မစ္စတာ Hakan Uzan ၏လက်ထဲတွင် အဆုံးသတ်သွား ရခြင်းဖြစ်တော့သည်။

သို့သော် အထက်ကဆိုခဲ့သလိုပင် Vertu ၏ နာမည်ကျော်ကြားမှုသည် iPhone များ ခေတ်စားမလာခင်အထိ သာဖြစ်၏။ အကောင်းစားအမှတ် တံဆိပ်ဖြစ်ခဲ့သော်လည်း ဈေးကွက်လိုအပ်ချက်နှင့် ၀ယ်လိုအားက တန်ဖိုးကြီးခြင်း၊ ဖက်ရှင်ကျခြင်းတို့ထက် နည်းပညာမြင့်မားမှု၊ အသုံးဝင် မှုတို့အပေါ် အခြေခံလာခဲ့သောအခါ Vertu သည်လည်း မိခင်ကုမ္ပဏီ Nokia နည်းတူ ကျရှုံးခဲ့ခြင်းဟု ဆိုရပါလိမ့်မည်။



Ref : (Luxury phone-maker Vertu collapses - By Chris Baraniuk)
ကိုဆွဲ(မုံရွာ)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment