♪ " ၂ဝ၁၇ မှာ ဆက်သုံးသင့်တဲ့ App တွေ " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫

Image may contain: 1 person, phone and text

လူတွေက app တွေဟောင်းသွားပြီဆိုရင် သိပ်မသုံးချင်ဘူး။ OS အသစ်တွေသုံးသလိုပဲ app တွေကိုလည်း အသစ်ပဲသုံးချင်ကြပါတယ်။ ဒီလိုလည်းမဟုတ်ပါဘူး။ ဟောင်းတယ်ဆိုပေမယ့် ပစ်ပယ်လို့မသင့်တဲ့ app တွေလည်း ရှိပါတယ်။ အဲဒါတွေက ...

HDD Guardian
အခမဲ့ရနိုင်တဲ့ app ပါ။ www.hddguardian.condeplex.com ကနေ download ချပြီး သုံးနိုင်ပါတယ်။ Harddisk ပါတဲ့ ကွန်ပျူတာကို သုံးနေရသရွေ့ HDD guardian က လိုနေမှာပါ။ သူက HD မပျက်အောင် လုပ်ပေးနိုင်တဲ့ app မဟုတ်ပါဘူး။ ဘယ်တော့ပျက်မယ်ဆိုတာ ခန့်မှန်း တွက်ဆပေးနိုင်တဲ့ app ဖြစ်ပါတယ်။ HD ရဲ့ ကျန်းမာရေးအခြေအနေကို တွက်ဆသတိပေးနိုင်ရုံတင်မကပါဘူး။ SSD ရဲ့ကျန်းမာရေးကိုလည်း တွက်ဆ ဖော်ပြပေးနိုင်ပါတယ်။ HD နဲ့ SSD တွေထဲမှာပါတဲ့ Smart (Self-monitoring Analysis and Reporting Technology) သုံးပြီး တွက်ဆတာပါ။ အခြေအနေမှန်ကို ဖော်ပြနိုင်ဖို့အတွက် dot net framework 4 လိုပါတယ်။ Drive မှာ အပူချိန်က လိုတာထက်ပိုတက်နေသလား။ Drive ပျက်ကာနီး အခြေအနေရောက်ပြီလား ဆိုတာတွေကို မသင်္ကာစရာတွေ့တာနဲ့ ချက်ခြင်းအသိပေးနိုင်ပါတယ်။

Reshade Image Resizer
သူလည်း အခမဲ့ Software ပါပဲ။ www.reshade.com ကနေ download ချပြီးသုံးနိုင်ပါတယ်။ ဓာတ်ပုံမှာ ပုံအရွယ်သေးသေးကို ပုံအရွယ်ကြီးကြီးအဖြစ် အရည်အသွေးမကျစေဘဲ ချဲ့ပေးတဲ့ software ဖြစ်ပါတယ်။ အရင်တုန်းက အခပေး software ဖြစ်ပေမယ့် အခုအချိန်မှာ အခမဲ့သုံးနိုင်ပါတယ်။ Software ရေးသူတွေရဲ့ အဆိုအရ မူလပုံသေးကို အရည်အသွေးမကျစေဘဲ ၂ဝဝဝ ရာခိုင်နှုန်းထက် အရွယ်ချဲ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ မူလပုံက အရမ်းအရည်အသွေးကောင်းနေရင်တော့ မဆိုတတ်ဘူး။ ကျွန်တော်ကိုယ်တိုင်သုံးကြည့်တော့ ပုံမှန်အရည်သွေးဓာတ်ပုံကို ၃ဝဝ ရာခိုင်နှုန်းအထိ အရည်အသွေးမကျစေဘဲ ချဲ့ပေးနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဓာတ်ပုံကို ချဲ့ပေးနိုင်ရုံတင် မဟုတ်ပါဘူး။ Noise အပါအဝင် မူရင်းဓာတ်ပုံမှာပါလာတဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်ပေးနိုင်ပါတယ်။

Listary
Version 5.0 အထိရောက်နေပါပြီ။ Windows ထဲမှာ search လုပ်ငန်းစဉ်ကို ပိုပြီး ပြည့်ပြည့်စုံစုံလုပ်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။ Windows ထဲမှာ တစ်ခါတည်းထည့်လွှတ်ပေးလိုက်တဲ့ search ထက်သာပါတယ်။ Windows ရဲ့ search ဟာ မရှိသုံးပါ။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို ပြည့်ပြည့်စုံစုံ လုပ်ပေးနိုင်တဲ့ အစွမ်းမရှိပါဘူး။ Hard drive ပေါ်က ဘယ်ဖိုင်ကို ရှာချင်ရှာချင် သူက မြန်မြန်ဆန်ဆန် ရှာပေးနိုင်ပါတယ်။ ဒါ့အပြင် Keyboard shortcut တွေသုံးပြီး ကိုယ်ခေါ်တင်ချင်တဲ့ program တွေကို ခေါ်တင်ခွင့် ပြုပါတယ်။ ကိုယ်မကြာခဏ သုံးနေကျ program တွေကို မှတ်မိပါတယ်။ မကြာသေးခင်က ဖွင့်ဖူးတဲ့ဖိုင်တွေကိုလည်း မြန်မြန်ဆန်ဆန် ခေါ်တင်ပေးနိုင်ပါတယ်။ အခမဲ့ဆိုတာကို အများစုက သဘောကျမှာပါ။

Vidiot
www.bit.ly/vidiot 412 ကနေ download ဆွဲချပြီး အခမဲ့သုံးနိုင်တဲ့ ဗီဒီယိုတည်းဖြတ် software ဖြစ်ပါတယ်။ လူတွေက ကွန်ပျူတာနဲ့ အတော်လေးရင်းနှီးလာပြီဆိုရင် ဓာတ်ပုံလေးတွေပြင်ချင် ဗီဒီယိုလေးတွေ တည်းဖြတ်ချင်တာမျိုး ရှိလာပါတယ်။ လက်သင် ဗီဒီယိုတည်းဖြတ်သူတွေ အတွက် ဗီဒီယိုတည်းဖြတ် software အတော်များများက လုပ်ဆောင်နိုင်စွမ်းတွေ အများကြီးနဲ့ ရှုပ်ပွနေတတ်ပါတယ်။ သုံးရတာ ရှုပ်ထွေးတဲ့အပြင် hardware ပိုင်းနိမ့်ရင် လုပ်တာကိုင်တာနေရာမကျရင် System Crach ဖြစ်တတ်ပါတယ်။ အရည်အသွေးပြည့် ဗီဒီယိုတည်းဖြတ် software အများစုက အခပေးမို့ crack / patch လုပ်ပြီး သုံးရတာမျိုးလည်း ရှိတယ်။ အဲဒီပြဿနာတွေက လွတ်ချင်ရင် vidiot က သုံးသင့်တဲ့ software ဖြစ်ပါတယ်။ သုံးရတာ ပေါ့ပါးတယ်။ ဆယ့်လေးငါးမိနစ်လောက် လေ့လာတာနဲ့ ကျွမ်းကျင်သွားနိုင်ပါတယ်။ အခမဲ့ဆိုပေမယ့် ဗီဒီယိုတည်းဖြတ်ရာမှာ မဖြစ်မနေလိုမယ့်အစွမ်းထက် editing tool တွေကို ထည့်ပေးထားပါတယ်။ အိမ်တွင်းလက်ဖြစ်ရုပ်ရှင်တွေမှာ transition တွေထည့်နိုင်တဲ့အပြင် title အမျိုးမျိုးလည်း ထည့်နိုင်ပါတယ်။

Kaspersky Cleaner
Kaspersky Security Software တွေဟာ အခပေးတွေဖြစ်တာများပါတယ်။ ဒီ Software သေသေမှာ အခမဲ့ဖြစ်နေတာကတော့ ထူးခြားပါတယ်။ www.kaspersky.com/uk ကနေ download ဆွဲချပြီး သုံးနိုင်ပါတယ်။ System cleaner ဖြစ်တဲ့ ဒီ software ဟာ CCleaner နေရာမှာ အစားထိုးဖို့ မဖြစ်နိုင်ပေမယ့် အတော်လေးသုံးပျော်တဲ့အထဲမှာ ပါပါတယ်။ ပညာရှင်တွေ ထောက်ခံတဲ့ Software လည်း ဖြစ်ပါတယ်။ ကွန်ပျူတာသုံးသူရဲ့ information တွေကို ဇွတ်ရယူတဲ့ Windows 10 ရဲ့ feature တွေကို disable လုပ်နိုင်တာနဲ့ browser နဲ့ သက်ဆိုင်တဲ့ data တွေကို ဖျက်ပစ်နိုင်တာက ထူးခြားချက် ဖြစ်ပါတယ်။ လောလောဆယ် Beta အဆင့်မှာထားတဲ့ software မို့ အခမဲ့ပေးထားသလားတော့ မဆိုနိုင်ပါဘူး။

Snail Driver
သူက Driver update လုပ်ရာမှာ အကူအညီပေးတဲ့ software ဖြစ်ပါတယ်။ Software update လုပ်ဖို့ အကူအညီပေးတဲ့ software အတော်များများက ပြည့်ပြည့်စုံစုံသုံးချင်ရင် အခပေးရပါတယ်။ ဒီ Software ကတော့ တကယ့်ကို ပြည့်ပြည့်ဝဝအခမဲ့သုံးနိုင်တဲ့ software ဖြစ်ပါတယ်။ အခမဲ့ဆိုပေမယ့် သူ့ထဲမှာ Junk app တွေ အပိုဆာဒါးတွဲမထားပါဘူး။ နာမည်က snail ဆိုပေမယ့် ကွန်ပျူတာထဲက Driver တွေကို scan လုပ်ရာမှာ မြန်ပါတယ်။ ဘယ် Driver တွေ update လုပ်ဖို့ လိုပြီဆိုတာကိုလည်း တိတိကျကျ ထောက်ပြပေးနိုင်ပါတယ်။ www.snailsuite.com ကနေ download ချပြီး သုံးရမှာပါ။

WhySo-Slow
ကွန်ပျူတာဝယ်ကာစက သုံးရတာ အမြန်သား၊ အခုကျမှ ဘာကြောင့်နှေးနေပါလိမ့်။ ဒီအဖြေကို လွယ်လွယ်သိချင်သူတွေအတွက် Whyso Slow ကို လိုအပ်မှာပါ။ www.bit.ly/Whyso-412 ကနေ download ချပြီး အခမဲ့သုံးနိုင်ပါတယ်။ သူက ကွန်ပျူတာရဲ့ processor speed ကို စစ်ဆေးပေးနိုင်တယ်။ Memory usage ကိုပြပေးနိုင်တယ်။ Hard drive ထဲမှာ ပြန့်ကျဲနေတဲ့ fragmentation ဖိုင်ဘယ်လောက်ရှိတယ်ဆိုတာ ရှာပေးနိုင်ပါတယ်။ ဘာကြောင့်ကွန်ပျူတာအလုပ်လုပ်ပုံနှေးကွေးရသလဲဆိုတာ ရှာပေးတဲ့အလုပ်ဟာ WhySo Slow ရဲ့ အလုပ်ပါ။ ကွန်ပျူတာထဲက processor မှာ heat တက်နေပြီဆိုရင်လည်း သူက အသိပေးနိုင်တယ်။ Freeze ဖြစ်တာကို ဖြည်ချပေးမယ့် Emergency task Manager ကတစ်ဆင့် Un responsive program တွေ ဖြုတ်ချနိုင်တာမို့ အများကြီး အသုံးဝင်ပါတယ်။ လောလောဆယ် Beta အဆင့်မှာရှိတဲ့ Software ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်ထဲမှာ လောလောဆယ် Beta အဆင့်မှာရှိတဲ့ Software ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်ထဲမှာ stable version ထွက်မယ်လို့ သိရပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment