♪ " Browser Tool များကို စစ်ဆေးသည့်အခါ " ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ) ♫

Image may contain: text

အင်တာနက်စာမျက်နှာများ ကြည့်ရှုရန်အတွက် browser လိုသည်။ လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်က Chrome, Firefox, Sofar, Opera Internet Explorer စသည်ဖြင့် ရွေးချယ်စရာ browser အနည်းအပါးသာ ရှိသော်လည်း ယနေ့အချိန်တွင် ရွေးချယ်စရာ browser တစ်ဒါဇင်ခန့် ရှိနေပါပြီ။ Browser အသီးသီးသည် သုံးစွဲသူအရေအတွက် များပြားလာစေဖို့ အတွက် သူ့ထက်ငါ page loading မြန်သည်ဟူ၍လည်းကောင်း၊ VPN ထည့်ပေးထားသည်ဟုလည်းကောင်း၊ Anti-Malware ပါဝင်သည်ဟု လည်းကောင်း၊ ကြော်ငြာများကို လုံးဝ တားဆီးပိတ်ပင်ပေးနိုင်ပါသည်ဟု လည်းကောင်း နည်းပေါင်းစုံနှင့် ကြော်ငြာကြပါသည်။

အသစ်အသစ်သော browser တို့၏စွမ်းရည်တက်လာသည်ကား မှန်သည်။ ထိုစွမ်းရည်သည် တစ်လတစ်ခါလောက် version အသစ်ထွက်လာတိုင်း ပို၍ပို၍တိုးတက်လာသည်။ အထဲမှာထည့်သွင်း ထားသော tool တွေကလည်း စုံသည်ထက်စုံလာသည်။ အမှန်ပြောရလျှင် browser တစ်ခုနှင့်တစ်ခုကြား စွမ်းရည်ကွာဟချက် ကျဉ်းမြောင်းလာပါသည်။ မည်သည့် browser ကို ရွေးရမှန်းမသိလောက်အောင်ဖြစ်ရသည်။ မိမိပြုလုပ်ချင်သော အလုပ်အပေါ် မူတည်ပြီး browser ရွေးချယ်နိုင်ခြင်းကားရှိသည်။ ကျွန်မဆိုလျှင် website မှာထိုးသောကြော်ငြာတွေကြောင့် data စားခြင်းကိုမခံနိုင်သဖြင့် Adblock plus ပါသော browser (ဥပမာ-slimjet) ကို ရွေးသုံးပါသည်။


ထိုသို့မဟုတ်ဘဲ page loading နှင့် dwonloading မြန်သည် browser ကိုသုံးမည်ဆိုလျှင် အမြန်နှုန်းကို စမ်းသပ်ပြီး သုံးရပါမည်။ အမြန်နှုန်းစမ်းသပ်သည်ဟုဆိုရာ၌ မိမိယူထားသော အင်တာနက်လိုင်း၏ အမြန်နှုန်းကောင်းဖို့ လိုသည်။ လိုင်းမကောင်းလျှင် browser က page ကို မည်မျှမြန်အောင်ဆွဲတင်သည်ဟု ဆိုစေကာမူ ယင်းရလဒ်ကို တွေ့ရဖို့ မရှိပါ။ Browser အမြန်နှုန်းကို စမ်းသပ်ရန်အတွက် speedometer ကိုသုံးရပါမည်။ 


ယင်း app က တကယ် လက်တွေ့လောကထဲတွင်ရှိသော web နေရာတစ်ခုကဲ့သို့ လုပ်ဆောင်ပေးနိုင်ပါ သည်။ ထို့ကြောင့် browser အစစ်တစ်ခုကို အမှန်တကယ်သုံးသည့်အခါ ကြုံရမည့်အမြန်နှုန်းကို ယင်းက ပြသပေးနိုင်ပါသည်။ Chrome ၏ စွမ်းဆောင်ရည်သည် လွန်ခဲ့သည့်နှစ်က ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟုဆိုသည်။ Chrome version 55 တွင် ပိုမို ကောင်းမွန်သောရလဒ်ကို တွေ့ရဖို့ရှိပါသည်။ ယင်း version တွင် မင်မိုရီစားသုံးမှုကို ထက်ဝက်လျှော့ချမည်ဖြစ်၍ အချို့သော website များသုံးသည့်အခါ ပိုမိုမြန်ဆန်မှုရှိလာပါမည်။


အချို့သော browser များသည် Beta version အဆင့်မှာပင် နောင်ထုတ်လုပ်မည့် tool များကို စမ်းသပ်သုံးစွဲခွင့်ပြုပါသည်။ ဥပမာ Chrome ၏ experimental tool ဆိုပါစို့။ ယင်းကို စမ်းသုံးလိုသည်ဟုဆိုလျှင် browser ကို install လုပ်စရာမလိုဘဲ စမ်းသပ်သုံးစွဲနိုင်သည်။ ယင်းကိစ္စအတွက် Chrome browser ၏ အင်တာနက် လိပ်စာရိုက်ထည့်သောအကွက်တွင် Chrome://flags ဟုရိုက်ထည့်ပါ။ ထိုအခါ experimental feature များ ပေါ်ထွက်လာပါမည်။ ယင်း feature များထဲမှ အချို့သည် အမှန်တကယ်အသုံးချသည့် အဆင့်သို့ရောက်လာပြီး အချို့မှာ ပျောက်ကွယ်သွားပါမည်။ Feature များထဲ၌ပင်လျှင် အချို့က ပို၍အသုံးကျသည်ကိုလည်း တွေ့ရပါ မည်။


Feature တစ်ခုစီတွင် ယင်းနှင့်သက်ဆိုင်သော ရှင်းလင်းချက်ကို တွေ့ရမည်ဖြစ်ပြီး feature နှင့်ချိတ်ဆက်ထားသော link ကိုလည်း Enable သို့မဟုတ် disable လုပ်နိုင်ပါသည်။ သို့တည်းမဟုတ် option menu မှတစ်ဆင့် အခြားသောစွမ်းဆောင်ရည်တို့ကို အသုံးပြုနိုင်ပါမည်။ ထို့ပြင် Ctrl+ f အတွဲကိုသုံးပြီး စမ်းသပ်မှု လုပ်နိုင်ပါသေးသည်။ မိမိစမ်းသပ်မည့် feature ၏အမည်ကို ပေးထားသောအကွက်တွင်ရိုက်ထည့်ပြီး enter ခေါက်ခြင်းဖြင့် စမ်းသပ်မှုကို စတင်နိုင်ပါသည်။ Tab များကို ပိတ်ရာတွင် pause ဖြစ်မှုများ၊ delay ဖြစ်မှု ခုခံအားလုံးကိုဖယ်ရှားပေးပြီး browser ၏တုံ့ပြန်မှုကို ပိုကောင်းစေသည့် Fast tab/Window Close feature ကား နှစ်သက်ဖို့အကောင်းဆုံးဖြစ်ပါသည်။ အနာဂတ် chrome browser သည် မည်သို့မည်ပုံရှိစေလိုသည်ကို ဆန္ဒပြုလိုလျှင် material design setting နှစ်ခုကို enable လုပ်ထားရပါမည်။ ပြီးလျှင် Extension Toolbar Refesign ကိုလည်း enable လုပ်ထားရပါမည်။ website တစ်ခုက မိမိအား password တောင်းခံလာသည့်အခါ Chrome က password ကို အလိုအလျောက် ဖြည့်ပေးစေလိုလျှင် password generation ကို enable လုပ်ပေးရပါမည်။ Tab တစ်ခုတွင် audio အသံတစ်ခုခုထွက်နေသည်ဆိုပါက Tab audio muting UI control ကိုသုံးခြင်းဖြင့် speaker icon ပေါ်လာပါမည်။ ယင်းကိုပိတ်လျှင် အသံပျောက်သွားပါမည်။ 


Browser အတော်များများတွင် အပြီးသတ် version မထွက်မီ၌ Beta version ကိုစမ်းသပ်သုံးစွဲခွင့်ရပါမည်။ သို့သော် microsoft ကထုတ်သော Edge browser ၌မူ Chrome ၊ Opera နှင့် Firefox မှာကဲ့သို့ Beta version မထုတ်ပါ။ ယင်းအစား developer version ကိုစမ်းသပ်သုံးစွဲနိုင်ပါသည်။ ယင်းကိုစမ်းသုံးမည်ဆိုလျှင် Windows 10 Imsider Program သို့ ဝင်သွားရပါမည်။ ယင်းနေရာမှနေ၍သာ edge ၏ development version ကိုရရှိနိုင်ပါမည်။ ထိုသို့ဝင်သွားနိုင်ရန်အတွက် Microsoft account လိုပါသည်။


Windows 10 Insider program သို့ဝင်မည်ဆိုလျှင် Windows 10 Standard version ၌ Windows logo နှင့် i ကို တွဲနှိပ်ရပါမည်။ ထိုအခါတွင် setting ပွင့်လာပါမည်။ ယင်းနောက်တွင် update & Security တွင် ကလစ်နှိပ်ရပါမည်။ ယင်းနောက်တွင် Windows Insider program ကို ထပ်မံကလစ်နှိပ်ရပါမည်။ ပြီးလျှင် Get Started တွင် ကလစ်နှိပ်ပါမည်။ Edge browser version နောက်ဆုံးထုတ်ကိုရယူလိုသည့်အခါ Windows 10 တစ်ခုလုံးကို update လုပ်ရမည့် အားနည်းချက်ကားရှိသည်။ Update လုပ်ခြင်းသည် Windows 10 ကို reinstall လုပ်ခြင်းမည်ပါသည်။ 


Brower အရည်အသွေးစမ်းသပ်ခွင့်ပေးသည့်အထဲတွင် firefox မှာ သဘောကျစရာအကောင်းဆုံး beta version အဆင့်မှာပင် စမ်းသပ်ခွင့် ပေးထားပါသည်။ ထို့အပြင် ပို၍အဆင့်မြင့်သော version ဖြစ်သည့် Developer Edition ကိုလည်း စမ်းသပ်နိုင်ပါ သေးသည်။ သို့သော် စမ်းသပ်စစ်ဆေးမှုများနှင့်စပ်လျဉ်း၍ Mozilla ၏ ချဉ်းကပ်ပုံပြောင်းလဲနေဆဲဖြစ်၍ firefox preview version များတွင် စမ်းသပ်စရာ tool အသစ်နည်းပါသည်။ Mozilla သည် စမ်းသပ်ဆဲအဆင့် tool များကို ပုံမှန် version များတွင် သုံးကြည့်လိုပါက ထည့်သွင်းပေးနေပြီး ယင်းကို firefox test pilot ဟုခေါ်ပါသည်။


ယင်း tool အသစ်များကို စမ်းသပ်နိုင်ရန်အတွက် www.testpilot.firefox.com သို့ သွားရပါမည်။ ပြီးလျှင် test pilot add-on ကို install လုပ်ရပါမည်။ ထိုအခါတွင် tool အသစ်အစုအဝေးကြီးကို လက်ရှိသုံးနေသော browser တွင်းသို့ ယူဆောင်လာပါမည်။ ယင်း tool တို့သည် စမ်းသပ်ဆဲအဆင့်တွင်သာရှိနေပြီး အားလုံးသည် အများပြည်သူသုံးစွဲသည့်အဆင့်သို့ ရောက်လာမည်မဟုတ်ပါ။ Browser toolbar ရှိ test pilot button တွင်ကလစ်နှိပ်ပြီး စမ်းသပ်မှုများကို စတင်ပြုလုပ်နိုင်ပါသည်။ လတ်တလောစမ်းသပ်နိုင်သည့် tool များတွင် page shot ၊ min vid ၊ tracking protection ၊ activity stream ၊ tab center ၊ No more 404S နှင့် universal search တို့ပါဝင်ပါသည်။ ယင်းတို့အနက်တွင် web page တစ်ခုလုံးကို screen shot အလွယ်တကူ ရိုက်ယူနိုင်စေမည့် Page Shot နှင့် Web page error မတက်စေရန် ဆောင်ရွက်ပေးမည့် No More 404S တို့မှာ စိတ်ဝင်စားဖို့ ကောင်းပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com

0 comments:

Post a Comment