♪ “အငြင်းပွားဖွယ် Device Fingerprinting နည်းပညာနှင့် ဒစ်ဂျစ်တယ်ဈေးကွက်ရှာဖွေမှု” ♫

Image may contain: text

Device Fingerprinting ဆိုသည်မှာ Computing Device တစ်ခုခုကို အမျိုးအစားခွဲခြားပေးနိုင်သည့် နည်းပညာဖြစ် သည်။ ဥပမာအားဖြင့် ပစ္စည်းတစ်ခုတွင် ပါဝင်သော Software, Hardware အစိတ်အပိုင်းတို့ကို ခွဲခြမ်းစိတ်ဖြာပြီး ယင်းပစ္စည်း သည် Desktop ကွန်ပျူတာ၊ Laptop ကွန်ပျူတာ၊ Tablet သို့မဟုတ် စမတ်ဖုန်းဖြစ်ကြောင်း သိရှိနိုင်သည့် နည်းပညာပင်ဖြစ်၏။ ယနေ့ခေတ်တွင် လူအများစုသည် အွန်လိုင်း တက်ရာတွင် Device တစ်မျိုးတည်းကိုသာ အသုံးပြုတော့သည် မဟုတ်ပေ။ ထို့ကြောင့် Device Fingerprinting နည်းပညာကို အသုံးပြုခြင်းဖြင့် User ၏လှုပ်ရှားမှုကို ခြေရာခံ၍ရနိုင်လေသည်။ တည်နေ ရာ၊ အချိန်၊ အသုံးပြုသော OS ၊ App နှင့် အင်တာနက် Browser ဗားရှင်းစသည်ကို ကြည့်၍ ယင်း User အသုံးပြုနေသော Computing Device ကိုလည်း ခြေရာခံနိုင်မည်ဖြစ်သည်။ Device Fingerprinting စနစ်၏ အဓိကရည်ရွယ်ချက်ကတော့ အွန်လိုင်းပေါ်မှ အချက်အလက်၊ ရုပ်ပုံလွှာနှင့် ပြင်ပမှအခြေအနေတို့ကို ဆက်စပ်ပြီးတိုက်ဆိုင် စစ်ဆေးနိုင်ရန်ဖြစ်၏။

တစ်နည်းအားဖြင့် Device Fingerprinting ကို လုံခြုံရေးအတွက် စတင်အကောင်အထည်ဖော်ခဲ့ခြင်းသာဖြစ်သည်။ အွန်လိုင်း ၀န်ဆောင်မှု တစ်ခုခု (သို့မဟုတ်) Website တစ်ခုခုသို့ စမတ်ဖုန်းသစ်၊ Tablet သစ်များနှင့် log in ၀င်ရောက်ရာတွင် User ကို စစ်ဆေးအတည်ပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုတော့ ယင်းနည်းပညာသည် ဈေးကွက် ရှာဖွေရေးသမားများ လက်တွင်းသို့ ကျရောက်သွားခဲ့လေပြီ။ Device Fingerprinting နည်းပညာကိုသုံးပြီး ဖောက်သည်များကို စောင့်ကြည့် မည်။ ၎င်းတို့၏အွန်လိုင်းလှုပ်ရှားမှုများကို အခြေခံ၍ ကုန်ပစ္စည်းများကို မည်သို့ရောင်းချရမည်ဆိုသည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင် ခဲ့ကြပြီဖြစ်သည်။ ဥပမာအားဖြင့် အွန်လိုင်းဈေးရောင်း Website များသည် User များ၏စိတ်ဝင်စားမှုကို လိုက်လံစောင့် ကြည့်သည်။ မည်သည့် အရောင်း Website များထဲသို့ ၀င်သည်။ မည်သည့်ကုန်ပစ္စည်းမျိုးကို အချိန်မည်မျှကြာအောင် ရှာဖွေ ကြည့်ရှုသည်ဆိုသောအချက်များကို Device Fingerprinting နည်းပညာ၏အကူအညီဖြင့် သိရှိနိုင်ကြပြီဖြစ် သည်။

<Customer Service နှင့် Device Fingerprinting>

eCommerce ဈေးကွက်ပလက်ဖောင်း Touch CR မှ Chief Information Officer တစ်ဦးဖြစ်သော Ritchie Hall ကတော့ Device Fingerprinting နည်းပညာကို ဖောက်သည်များထံသို့ထောက် ပံ့မည့်ဝန်ဆောင်မှုတွင် ပေါင်းစပ်အသုံးပြု ထားကြောင်းပြောပြသွားခဲ့သည်။ ၎င်းက “ဖောက်သည် တစ်ဦးရဲ့ အချက်အလက်တွေကိုရှာဖွေဖို့ အသုံးချတဲ့နည်းပညာပါပဲ။ သူသုံးတဲ့ Device ကို ရှာဖွေမယ်။ ဒီဖောက်သည် နဲ့ အဆက်အသွယ် မပြတ်အောင် လုပ်ဆိုတဲ့ရည်ရွယ်ချက်ပါပဲ”ဟု ဆိုခဲ့သည်။ အကယ်၍ ဖောက်သည်များအနေဖြင့် အွန်လိုင်းတက်ရာတွင် စမတ်ဖုန်းဖြစ်စေ၊ ကွန်ပျူတာဖြစ်စေ၊ Device တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ အသုံးပြုပါက Device Fingerprinting နည်းပညာသုံးခြင်းအတွက် မည်သို့မျှ အငြင်းပွား ဖွယ်ရာမရှိပေ။ သို့သော် Device အရေအတွက် များလာလေလေ၊ ဖောက်သည်များ၏ပုဂ္ဂလိကလုံခြုံရေးအတွက် အငြင်းပွားဖွယ်ရာဖြစ်လာ ရတော့သည်။ ပြီးခဲ့ သောနှစ်က Google မှ ထုတ်ပြန်ခဲ့သောစစ်တမ်း တစ်ရပ်တွင် အင်တာနက်အသုံးပြုသူ ၇၀ ရာခိုင်နှုန်းခန့်သည် တစ်ရက် လျှင် မတူညီသော Device နှစ်ခုကိုသုံး၍ အွန်လိုင်းတက်လေ့ရှိကြကြောင်း ဖော်ပြသွားခဲ့သည်။ ဤတွင် ပြဿနာစဖြစ်တော့သည်။ ဥပမာအားဖြင့် ဖောက်သည်တစ်ဦးက Device နှစ်ခုစလုံးကိုသုံးပြီး ပီဇာမုန့်ကို အွန်လိုင်းကတစ်ဆင့် မှာယူသည်ဆိုပါစို့။ မှာယူသူမှာ တစ်ဦး တည်းဖြစ်သော်လည်း Device များကို အမျိုးအစားခွဲခြားစစ်ဆေးရန် လိုအပ်လာပြီဖြစ်သည်။ အနည်းဆုံးတော့ အီးမေးလ်လိပ်စာ (သို့) ငွေ ပေးချေမှုအချက်အလက်များဖြင့်တော့ တိုက်ဆိုင်စစ်ဆေးကြည့်ရတော့ မည်ဖြစ်သည်။အများအားဖြင့် စမတ်ဖုန်းဖြစ်စေ၊ လက်တော့ဖြစ်စေ User တစ်ဦးမှ တစ်ဦးသို့ လက်ဆင့်ကမ်းပြောင်းလဲသွားသည်နှင့် အမျှ ယင်း Device များကို ခြေရာခံစောင့်ကြည့်ရသည့်ကိစ္စသည်လည်း အခြေခံ အားဖြင့် ပြောင်းလဲသွားတတ်သည်ကို တွေ့ရ၏။ ဥပမာအားဖြင့် User ပြောင်းလဲသည်နှင့်အမျှ အသုံးပြုသော OS များပြောင်းလဲသွားပြီး Device Fingerprinting လုပ်ရခြင်းမှာ ပိုမိုရှုပ်ထွေးနိုင်လေသည်။

<Cookies များထက် သာလွန်သောစွမ်းဆောင်ရည်>

ယခင်က အင်တာနက်အသုံးပြုသူတို့အပေါ် ခြေရာခံစောင့်ကြည့်ရာတွင် Website အများစုက Browser များတွင် တိတ်တဆိတ်လှမ်း၍ ထည့်သွင်းရသော Cookies များကို အသုံးပြုလေ့ရှိကြသည်။ User များ၏ Browser များတွင် Cookies ခေါ် Software အသေးစားများ ထည့်သွင်း ထားခြင်းဖြင့် ဘယ် Website သို့ ၀င်သည်။ မည်မျှကြာကြာ ကြည့်ရှု သည်ဆိုသည့် အချက်များကို ခြေရာခံသိရှိနိုင်လေသည်။ သို့သော် တစ်ခုရှိသည်က အဆိုပါ Cookies များကို User ဆန္ဒရှိလျှင် ဖျက်ပစ်နိုင် သည့်အခွင့်အရေးရှိထားခြင်းပင်။ Cookies များကို Browser အတွင်း လှမ်းထည့်ပြီး လှုပ်ရှားမှုများကိုစောင့်ကြည့်တတ်သော အချို့ Website များ၊ ကုမ္ပဏီများ၏လုပ်ရပ်ကို User များဘက်က အလိုရှိလျှင် ရပ်တန့် ပိုင်ခွင့်ရှိထားလေသည်။ Device Finger- printing ကတော့ အဆိုပါ ကန့်သတ်ချက်မျိုး ရှိမထားပေ။ ထိုနည်းစနစ်သည် User များအသုံးပြု သော Device အပေါ် မှီခို ဆက်နွယ်နေခြင်း မရှိပါ။ Device တစ်ခုမှ တစ်ခုသို့ ဆက်သွယ်ခြင်း၊ ဒေတာကူးပြောင်း လက်ခံခြင်းစသည့်လုပ်ရပ် များကိုသာ စောင့်ကြည့်ခြင်းဖြစ်၏။

ပုဂ္ဂိုလ်ရေးလုံခြုံမှုနှင့်ပတ်သက်၍ သတိပေးချက်၊ ထောက်ပံ့မှုများ ပြုလုပ်နေသော amiunique.org Website ကတော့ Device Fingerprinting နည်းပညာကို Cookie-Less Monster ဟုအမည်ပေး ထားသည်။ အကြောင်းရင်းကတော့ Cookies များ မလိုဘဲ User များ၏ လှုပ်ရှားမှုကို ခြေရာခံနိုင်သောကြောင့်ပင်။ ယင်းနည်းပညာကို သုံး၍ အွန်လိုင်းလှုပ်ရှားမှုများကို စောင့် ကြည့်ခြင်း၊ ခြေရာခံခြင်းများကို တန်ပြန်ကာကွယ်ရန်ကလည်း User များအတွက် ပိုမိုခက်ခဲသော စိန်ခေါ်မှုဖြစ်လာခဲ့သည်။ ပို၍ အငြင်းပွားဖွယ်ရာကောင်းသော ခြိမ်းခြောက်မှုလည်း ဖြစ်လာခဲ့တော့သည်။ ယင်းပြဿနာအတွက် အကောင်းဆုံးအဖြေကတော့ Device Fingerprinting နည်းပညာကို သုံး၍ ခြေရာခံစောင့်ကြည့်နေသော Marketing အဖွဲ့အစည်းများသည် ၎င်းတို့၏လုပ်ရပ် ကို ဖောက်သည်များထံသို့ အမှန်အတိုင်းဖွင့်ဟ၀န်ခံ ထားရန်ပင်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားကြသည်။ အထူးသဖြင့် EU အဖွဲ့ဝင်နိုင်ငံများတွင် အွန်လိုင်း User များအနေဖြင့် မိမိကြိုက်သည့် Website ကို အနှောင့်အယှက်မရှိ ၀င်ကြည့်ခွင့်ရှိထား၏။ သို့သော် ၎င်းတို့၏လှုပ်ရှားမှုကို စောင့်ကြည့်နေသောအဖွဲ့အစည်းများ ကတော့ ရှိနေလိမ့်မည်ပင်။ ထိုအချက်ကို User များသိရှိထားပြီးဖြစ်၍ အငြင်းပွားကြလိမ့်မည်လည်း မဟုတ်ပေ။ အခြားဒေသများတွင်မူ အွန်လိုင်းလှုပ်ရှားမှုများအပေါ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ပွင့်လင်းစွာကြေညာခြင်း မရှိသေးသလို User များဘက်ကလည်း စောင့်ကြည့်ခံရကြောင်း သိသည်နှင့်တစ်ပြိုင်နက် ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်များ ချိုးဖောက်ခံရပြီဟုသာ မှတ်ယူလေ့ရှိကြလေသည်။

အကောင်းဆုံးအဖြေကတော့ မိမိလှုပ်ရှားမှုကို စောင့်ကြည့်ခြင်းမှ ကင်းဝေးလိုသူတစ်ဦးအနေဖြင့် VPN ခေါ် Virtual Private Network ကွန်ရက်ကို အသုံးပြုကြရန်ပင်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပေးထားသည်။ VPN ကိုသုံးခြင်းအားဖြင့် ထို User ၏ Internet Protocol ကို ဖုံးကွယ်ထားနိုင်မည်ဖြစ်သလို အခြား User များနှင့်လည်း မတူညီသည့်အုပ်စု အတွင်း ကျရောက်နေပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ Device Fingerprinting နည်းပညာသည် ဈေးကွက်ရှာဖွေရေးသမားများ နှင့် စီးပွားရေးကုမ္ပဏီများအတွက် ဖောက်သည်များ၏လိုအပ်ချက်၊ စိတ်ဝင်စားမှုများကို ခြေရာခံရန်အကောင်းဆုံး နည်းပညာ အဖြစ် ရေပန်းစားလာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သောမေလအတွင်းက ဗြိတိန် အခြေစိုက် YouGov ဈေးကွက်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် နိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၁၆ ရာခိုင်နှုန်းမှာ VPN ကွန်ရက်ကို သုံးစွဲနေကြပြီး ၂၅ ရာခိုင်နှုန်းမှာမူ အွန်လိုင်းမှခြေရာခံစောင့်ကြည့် တတ်သော ဈေးကွက်ရှာဖွေရေးသမားများကို ရှောင်ရှားလိုနေကြောင်း တွေ့ရသည်။ ဈေးကွက် ရှာဖွေရေးသမားများနှင့် စီးပွားရေးကုမ္ပဏီများ အကြားတွင် ရေပန်းစားလာသည့် Device Fingerprinting က User များဘက်မှ ကြည့်လျှင် အခွင့်အရေးချိုးဖောက်မှုဖြစ်နေသည်။ Marketing နယ်ပယ်မှကြည့်လျှင်တော့ ယင်းနည်းပညာသည် အသုံးအတည့်ဆုံးနှင့် အထိရောက်ဆုံးစောင့်ကြည့်မှုများပေးစွမ်းနိုင်ကြောင်း တွေ့ရပေမည်။ အစွန်းနှစ်ဖက် လွတ်အောင်အသုံးချနိုင်မှသာလျှင် အငြင်းပွားမှုများ ကင်းဝေးစေနိုင်ပါလိမ့်မည်။



Ref : (How Businesses Use Controversial Device Finger-printing To Identify And Track Customers - by Bernard Marr)




ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com


0 comments:

Post a Comment