♪ “အွန်လိုင်းမှာ လူသိမခံလိုသူများအတွက်” ♫

Image may contain: one or more people, people sitting and text

အွန်လိုင်းမှာ ကိုယ့်ရုပ်ကို သူများအလွယ်တကူ မမြင်ရသည့်အတွက် ကိုယ်လုပ် သမျှ အခြား လူမသိဟုထင်လျှင် မှားလိမ့် မည်။ ငွေရေး၊ ကြေးရေးနှင့် အခြား အရေးကြီးကိစ္စများ လုပ်သည့်အခါ ကိုယ့်ကို အွန်လိုင်းမှာ လူမသိလေ ကောင်းလေဖြစ်သည်။ ထိုသို့ လူမသိအောင် ထိရောက်စွာ ဆောင်ရွက်ပေး နိုင်သော tool များရှိသည်။ ယင်းတို့မှာ

<Anon Tab>

Opera နှင့် Firefox browser များတွင် အသုံးပြုနိုင်သော Add-on တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် browser အများစု၌ Private mode ပါသည်။ ယင်း mode မှတစ်ဆင့်သုံးလျှင် ကိုယ်ဝင်ကြည့်သည့် Website များ၊ ကိုယ် ရှာဖွေသည့်အရာ များ ကွန်ပျူတာပေါ်တွင် ကိုယ်သိမ်းဆည်းလိုက်သည့် အရာများနှင့် ပတ်သက်သည့် အသေးစိတ်တို့ကို အခြားသူ သိခွင့်မရပါ။ သို့သော် ယင်း mode သည် အွန်လိုင်းတွင်ရှိသော လူတစ်ယောက်ကို ကိုယ်ယောင်ဖျောက်မပေးနိုင်ပါ။ ကိုယ်ပျောက်သွားလိုလျှင် အကောင်းဆုံး သုံးနိုင်သည့် tool မှာ AnonTab ဖြစ်ပါသည်။

ယင်း tool သည် လူကြိုက်များသော Add-on များဖြစ်သည်။ No Script နှင့် HTTPS Everywhere တို့၏ အရည် အသွေးနှစ်မျိုးစလုံးကိုပိုင်ဆိုင်ပြီး ယင်းအရည်အသွေးနှစ်မျိုးကြားတွင် လိုအပ်သလို ကူးပြောင်းအသုံးပြုနိုင် သည်။ Anon Tab က Web page တစ်ခုအားလုံခြုံပြီး တစ်ဦးတည်း သီးသန့် သုံးနိုင်သော အနေအထားသို့ ရောက်အောင် ပို့ဆောင်ပေးပါသည်။ ထို့ပြင် မိမိသုံးစွဲနေသော IP address ကို ဖုံးထားပေးသည်။ အ၀င်အထွက် connection အားလုံးကို encrypt လုပ်ပေးသည်။ မိမိသုံးစွဲသော script အားလုံးကို block လုပ်ပေးသည်။ယင်းသို့ လုပ်ဆောင်ပေးမှုအားလုံးက မိမိ၏ data များ ပြင်ပသို့ ပေါက်ကြားခြင်းမှ ကာကွယ်ပေးသည့်ပြင် မိမိ၏ activity များအား အခြားလူစောင့်ကြည့်ခြင်းဘေးမှ ကင်းဝေးစေသည်။ ထို့ပြင် မိမိ၏ ကွန်ပျူတာထဲသို့ malware မ၀င်ရောက်နိုင်အောင်လည်း စောင့်ရှောက်ပါ သည်။ AnonTab ကို အသုံးပြုမည်ဆိုလျှင် Link တစ်ခုပေါ်တွင် ညာကလစ် ထောက်ပါ။ ပေါ်လာ သောအကွက်ထဲမှ Open Link in AnonTab ကို ရွေးပါ။ ယင်း page ကို tab အသစ်ထဲတွင် လုံခြုံစိတ်ချစွာ သုံးနိုင်စေရန် ဖွင့်ပေးပါ မည်။ သို့တည်းမဟုတ် ယင်း၏ toolbar button ကိုနှိပ်ကာ UPL လိပ်စာ ရိုက်သွင်းပြီး လုံခြုံစိတ်ချရသော အနေအထား တွင် သုံးနိုင်ပါသည်။ AnonTab သည် Chrome အနွယ်ဝင် browser အားလုံးတွင် အသုံးပြုနိုင်သော်လည်း ယင်းကို Chrome Web store တွင် မရနိုင်ပါ။

<Privacy Badger>

www.bit.ly/privacy 418 မှ download ချ၍ အသုံးပြုနိုင်ပြီး Chrome ၊ Firefox နှင့် Opera browser များတွင် အသုံးပြုနိုင်သည်။ အွန်လိုင်းမှာ Web page များကြည့်နေရင်း ၀င်ရောက်လာတတ်သော SPY ads များကိုသာမက မိမိအား ပုန်းလျှိုးကွယ်လျှိုး စောင့်ကြည့်နေတတ်သော Tracker များကိုပါ block လုပ်ပေးနိုင်သည်။ ယခင်က ကောင်းပြီးသား add-on အား အသုံးတည့် သော feature အသစ်များ ထပ်ပေါင်းထည့်ပြီး version အသစ်အဖြစ် မကြာသေးမီက ထုတ်ပေးလိုက်ပြီဟု ဆိုသည့်အခါ ယင်းကို သုံးရသည်မှာ ပို၍ပင်ထိုက်တန်လာပါသည်။

ဥပမာအားဖြင့် ပြရမည်ဆိုလျှင် ယခုထွက်ရှိလာသော Privacy Badger သည် WebRTC နည်းပညာကို ကာကွယ်တားဆီးနိုင်သည်။ ထို့ကြောင့် Audio နှင့် Video Call များ လုပ်ဆောင်သည့်အခါ IP address ပေါက်ကြားခြင်းကို ကာကွယ်ပေးပါသည်။ ထို့ပြင် မိမိသဘောကျသော anti-tracking proference တို့ကို အခြား browser သို့လည်း လွှဲပြောင်းပေးနိုင်သည်။ ဤ extension ကို incognito သို့မဟုတ် private mode ထဲတွင်လည်း အသုံးပြု နိုင်သည်။ ထို့ကြောင့် မိမိ၏ data များသည် online/ offline နှစ်ခုစလုံး၌ လုံခြုံမှုရှိနေပါမည်။အခြားသော privacy extension များနှင့်မတူသည့် အချက်မှာ Privacy Badger သည် မည်သည့် Tracker အား ပိတ်ထားပြီး မည်သည့် Tracker အား ခွင့်ပြုမည်ဆိုသည့်ကိစ္စကို မိမိအားအလုံးစုံ ထိန်းချုပ် ခွင့်ပေးခြင်းဖြစ်သည်။ ပိတ်ထားသော Tracker များနှင့် ခွင့်ပြုထားသော Tracker များအား အရောင်ဖြင့်ခွဲခြားပြသသည့်အတွက် မည်သည်က စိတ်ချ ရပြီး မည်သည်က စိတ်မချရဆိုသည်ကို အလွယ်တကူ သိနိုင်သည်။ Edge browser တွင် အသုံးပြုနိုင်မည်ဖြစ်သော Privacy Budger Version ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုပါသည်။

<HTTPS Everywhere>

www.bit.ly/https 418 မှ download ဆွဲချပြီး Chrome ၊ Firefox နှင့် Opera browser များတွင် အသုံးပြုနိုင်သည်။ တန်ဖိုးရှိသော အကြောင်းအရာများကို ရေးသားတင်ပြသော Website မှန်သမျှသည် ယင်း၏ Traffic တို့ကို encrypt လုပ်ပြီး user data များကို အကာအကွယ်ပေးသင့်ပါသည်။ ၀မ်းနည်းစရာ ကောင်းသည်မှာ website အများစုသည် လုံခြုံမှုမရှိသော HTTP traffic ကို အသုံးပြုသည့်ပြင် encrypted နှင့် unencrypted page များကို ရောနှော အသုံးပြုခြင်းဖြစ်ပါသည်။ ထို website တို့သည် လုံခြုံရေးနှင့်ပတ်သက်ပြီး များစွာ စိတ်ပူပန်ကြပုံလည်း မပေါ်ပါ။

HTTPS Everywhere ကို အသုံးပြုခြင်းအားဖြင့် ဖြစ်နိုင်သည့် နေရာအားလုံး တွင် လုံခြုံမှုအရှိဆုံး traffic ကို ရရှိပါမည်။ Electronic Frontier Foundation မှ ထုတ်ဝေသော ဤအကောင်းဆုံး tool သည် ထောင်ပေါင်းများစွာသော website တို့အား လုံခြုံမှုရှိသည့် HTTPS Traffic ကိုသုံးရန် တွန်းအားပေး ပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သုံးဖို့တွန်းအားပေးခြင်း ဖြစ်ပါသည်။ HTTPS Everywhere သည် အလို အလျောက် အလုပ်လုပ်ပြီး rule အသစ်များကိုလည်း ပုံမှန် update လုပ်နေပါသည်။ account အား Hack ခံရခြင်းမှ ကာကွယ် ရန်နှင့် လျှို့ဝှက်စောင့်ကြည့်သူများ၏ရန်မှ ကာကွယ် ရန်ဖြစ်ပါသည်။ ဤ extension ကပေးသော rule အပြင် သက်ဆိုင်ရာ website ကိုလိုက်၍ မိမိစိတ်ကြိုက် rule များကိုလည်း သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် website များအနေဖြင့် encrypted request များကိုသာ လက်ခံ စေပြီး unencrypted request များကို ပိတ်ပင်တားဆီးစေပါသည်။

<Ghostery>

www.ghostery.com မှ download ဆွဲချနိုင်သည်။ Edge browser အပါ အ၀င် လက်ရှိလူသုံးများသော browser အားလုံးတွင် အသုံးပြုနိုင်သည်။ ဤ extension ကို Clipz ဟူသော ဂျာမန်ကုမ္ပဏီတစ်ခုက လက်လွှဲဝယ်ယူလိုက်ပြီး anti-tracking နည်းပညာအား အဆင့်တစ်ခုထိရောက်အောင် မြှင့်တင်ခဲ့ ပါသည်။ ထို့ကြောင့် နောက်ဆုံးထုတ် version သည် အကောင်းဆုံးဖြစ်မှာ သေချာပါသည်။

Ghostery သည် Color code (၇) မျိုးဖြင့် Tracker များအား အမျိုးအစား ခွဲခြားဖော်ပြပါသည်။ ဥပမာအားဖြင့်ပြောရ လျှင် advertising ၊ analytics ၊ social media စသည်ဖြင့် ခွဲခြားဖော်ပြခြင်းမျိုးဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် Tracker အား ပိတ်ဆို့မည်ကို တိကျစွာဆုံးဖြတ် နိုင်စေပါသည်။ ထို့ပြင် Tracker က မိမိသုံးနေသော browser အား နှေးကွေးအောင် လုပ်ခဲ့ လျှင် သို့မဟုတ် web page တစ်ခု ဖြောင့်မှန်စွာ တက်မလာအောင် လုပ်ခဲ့ လျှင် သို့မဟုတ် personal information တို့ အား နှိုက်ယူခဲ့လျှင် အသိပေး ပါဦးမည်။ ယင်းသို့ ဒုက္ခပေးသော Tracker တစ်ဦးချင်းအားရွေး၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ကလစ်တစ်ချက်နှိပ်ရုံ ဖြင့် block / unblock ပြုလုပ်နိုင်ပါ သည်။




ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment