♪ Facebook Live က ဘာတွေကို သက်ရောက်စေသလဲ ♫


Facebook ထဲကို ဝင်လိုက်ရင် ထိပ်ဘယ်ဘက်ထောင့်မှာ အနီရောင် icon လေးတစ်ခုရှိနေမှာဖြစ်ပြီး အဲဒါကတော့ Live Video တင်ဆက်နိုင်ဖို့ ရည်ညွှန်းထားတာပဲဖြစ်ပါတယ်။ Live Video ပေါ်လာပြီးနောက်ပိုင်းမှာ ကမ္ဘာတစ်ဝန်း သက်ရောက်မှုတွေ အများကြီးရှိတဲ့ အထဲမှာ ပြည်တွင်းက သုံးစွဲသူတွေကိုလည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ပြောရရင် ပြီးခဲ့တဲ့ မဟာသင်္ကြန်ကာလက အိမ်တွင်းနေသူတွေအဖို့ Facebook Live ကြောင့် အပြင်လောကနဲ့ အထိအတွေ့ရှိနေခဲ့တယ်လို့ ဆိုကြပါတယ်။ “မဏ္ဍပ်မှာတင်ဆက်နေတဲ့ဖျော်ဖြေမှုတွေကို Live လွှင့်ပေးတယ်၊ အိမ်မှာကျန်ခဲ့တဲ့အစ်မတွေ၊ ညီမတွေက Facebook ကနေပြီး ဒီကလွှင့်တဲ့ဟာကို တိုက်ရိုက်ကြည့်နိုင်တာပေါ့” လို့ မန္တလေး သင်္ကြန်ဖျော်ဖြေမှုတွေကို တိုက်ရိုက်လွှင့်ပြီး Facebook ကနေ တင်ပေးနေတဲ့ မနေခြည်ကပြောပါတယ်။ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီရေးသား တင်ဆက်မှုထက် တိုက်ရိုက်လွှင့်ပေးခြင်းကို ပိုကောင်းတယ်၊ ပိုသဘောကျစေတယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။ “သတင်းထောက်က သူရောက်နေတဲ့ နေရာကိုသွား၊ တာဝန်ရှိသူတွေကို တိုက်ရိုက်မေးပြီး တိုက်ရိုက်တင်ဆက်တာမျိုးကို ပိုသဘောကျပါတယ်၊ ဒါပေမဲ့ အဲလိုလုပ်တာမျိုးတွေ့တာနည်းသေးတယ်လို့ထင်တယ်” လို့ဆိုပါတယ်။


Facebook Live Video ဆိုတာကို News feed ရဲ့တစ်ဖက်မှာ အလွယ်တကူ ရှာတွေ့နိုင်ပြီး အဲဒီကနေတစ်ဆင့် မိမိတင်ဆက်ချင်တာကို တိုက်ရိုက်တင်ဆက်နိုင်အောင် ဆောင်ရွက်ထားတာပဲဖြစ်ပါတယ်။ မိမိရဲ့တိုက်ရိုက်လွှင့်နေမှုဟာ မိမိ အကောင့်ထဲမှာ ရှိတဲ့သူငယ်ချင်း၊ ပရိသတ်တွေကို မိနစ် ၉၀ ကြာ တင်ဆက်နိုင်မယ်လို့ ကနဦးက သတ်မှတ်ထားပေမယ့် လက်ရှိမှာ လေးနာရီကြာအောင်လွှင့် လာနိုင်တယ်လို့ဆိုပါတယ်။ Live တင်ဆက်ခြင်းဟာ မိမိအကောင့်ထဲမှာရှိသူတွေကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနိုင်တဲ့ အကောင်းဆုံးတင်ဆက်မှုဖြစ်ပြီး ကြည့်ရှုသူတွေကနေ မေးခွန်းတွေမေး၊ အဲဒီမေးခွန်းတွေကို တင်ဆက်သူကပြန် ဖြေပေးနိုင်တဲ့ အရာမို့ အနုပညာသမားတွေ၊ ဆယ်လီတွေအတွက် Follower များစေနိုင်တဲ့အရာလို့ဆိုထားပါတယ်။ ပရိသတ်တွေက တိုက်ရိုက်ပြန်ကြားနိုင်တဲ့ ဝေဖန်အကြံပြုသံတွေကို ချက်ချင်းရစေနိုင်မယ့် အရာတစ်ခုပါပဲ။ နောက်တစ်ခုကတော့ Live လွှင့်ခြင်းအားဖြင့် ကိုယ့်ကို ဘယ်သူက ဂရုတစိုက်စောင့်ကြည့်နေသလဲ ဆိုတာကိုလည်း သိနိုင်မှာဖြစ်ပါတယ်။

သတင်းတင်ဆက်မှုတွေ၊ အနုပညာရှင်တွေရဲ့ တိုက်ရိုက်ရင်ဖွင့်သံတွေကို Facebook Live အသုံးပြုပြီးဆောင်ရွက်တာမျိုး မြန်မာနိုင်ငံမှာလည်း ရေပန်းစားလာပါပြီ။ ဒါဟာ ပျော်ရွှင်စရာကောင်းတဲ့ ကဏ္ဍလေးတစ်ခုလို့သတ်မှတ်ထားကြပြီး ဘယ်သူအကောင်းဆုံးတင်ဆက်နိုင်သလဲဆိုတာကို အရည်အချင်းစစ်တဲ့ အရာလေးတစ်ခုလည်းဖြစ်ပါတယ်။ Live ကဏ္ဍဟာ Facebook စာမျက်နှာ အမျိုးအစားအားလုံးအတွက်၊ iOS, Android အသုံးပြုသူအားလုံးအတွက် အသုံးပြုနိုင် မှာဖြစ်ပါတယ်။

ဥပမာအားဖြင့် ဘတ်စ်ကားမောင်းသူနဲ့စီးသူကြားက အဆင်မပြေမှုပဋိပက္ခတွေကို Live တင်ဆက်ပေးခဲ့တာ၊ အနုပညာရှင်တွေ အချင်းချင်း မပြေလည်မှုတွေကို Live လွှင့်ရင်း ပရိသတ်သိစေခဲ့တာမျိုးတွေက လူသိများစေခဲ့ပါတယ်။ အဲဒီလို ပဋိပက္ခဖြစ်တုန်းပြုမူလိုက်တဲ့အပြုအမူတွေက ဘယ်လိုသက်ရောက်မှုမျိုးကိုဖြစ်စေသလဲဆိုတာကို အင်တာနက်ဂျာနယ် အနေနဲ့ အွန်လိုင်းပေါ်မှာရှိနေတဲ့ လူ ၁၂ ယောက်ကိုမေးမြန်းခဲ့ရာမှာ အများစုကတော့ စိတ်တိုဒေါသထွက်နေတာကို အထိုက်အလျောက် ပြေပျောက်စေတယ်လို့ ဆိုကြပါတယ်။ “ကိုယ်ဖြစ်နေတဲ့ပြဿနာ၊ အဲဒီပြဿနာဟာ အများနဲ့လည်း သက်ဆိုင်နေတယ်ဆိုရင်တော့ Live တင်ဆက် နေမှုဟာ မိမိကိုယ်တိုင်ရော၊ ကြည့်ရှုသူတွေအတွက်ပါ အကျိုးရှိစေမှာပေါ့၊ ဥပမာ ဘတ်စ်ကားစီးရတာအဆင်မပြေတာ၊ စပယ်ယာနဲ့စကားများတာကို များနေတုန်းမှာ တိုက်ရိုက်လွှင့်ပေးလိုက်တယ် ဆိုရင် အခြေအနေကိုကြည့်ရှုသူတွေက မြင်မယ်၊ ဝေဖန်မှုတွေကို တိုက်ရိုက်ပေးနိုင်မယ်၊ အဲဒီလိုအကျိုးရလဒ်တွေရတဲ့အပြင်၊ အများရဲ့ဝေဖန်သံကြောင့် Live လွှင့်သူ ကာယကံရှင်ကိုယ်တိုင်ကလည်း အော်ငါလုပ်လိုက်တာ အခုလိုမျိုးတုံ့ပြန်ခံရတယ် ဆိုပြီး စိတ်သက်သာမှုတစ်စုံတစ်ရာတော့ ဖြစ်စေမယ်လို့ထင်တယ်” လို့ အသက် (၂၅) နှစ်အရွယ် ကိုဟန်ဇော်ကဆိုပါတယ်။

ဒါပေမဲ့ ပဋိပက္ခအခြေအနေတစ်ရပ်ကို တိုက်ရိုက်တင်ဆက်ပေးတာမျိုး မလုပ်သင့်ဘူးလို့ အချို့က ဆိုထားပါတယ်။“ဒေါသထွက်နေတဲ့အချိန်မှာ လုပ်တာမျိုး က အမှားပါတတ်တယ်လေ၊ အဲဒီရဲ့ နောက်ဆက်တွဲက တောက်လျှောက်ပါတော့မှာ၊ ကိုယ်တင်ဆက်လိုက်တာကို ကြည့်တဲ့သူတွေက ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး။ အချင်းချင်းသိအောင် ဝေမျှကြမယ်ဆိုရင် ပြဿနာက ပိုကြီးတာမျိုး တွေဖြစ်နိုင်ပါတယ်။ ကောင်းတဲ့အရာလည်း ရှိသလို ဆိုးတဲ့အရာကိုလည်းတွက်ထား ရမှာပေါ့။ ကျွန်တော်ကတော့ ပြဿနာတစ်ရပ်ဖြစ်တယ်ဆိုရင် အဲဒါကို Facebook Live တင်ဆက်ပြီးဖြေရှင်းတာ မျိုးကတော့ လုပ်ဖြစ်မယ်မထင်ဘူး” လို့ အသက် (၃၀) အရွယ် ကိုစိုးသူရကပြောပါတယ်။

“တစ်နည်းပြောရရင် ကိုယ်မှန်သလား၊ သူမှန်သလား ဘယ်သူမှားနေသလဲဆို တာကို အရည်အချင်းစစ်တဲ့အရာတစ်ခုလို့ပြောရင်ရတယ်။ Live ဆိုတော့ တုံ့ပြန်သံတွေကိုချက်ချင်းရမှာ၊ လူအများရဲ့ပြောစကားကို ချက်ချင်းသိမှာလေ၊ အများစုကဘာပြောသလဲ၊ အနည်းစုက ဘာပြောသလဲ၊ ဘယ်ဟာအမှန်လဲဆိုတာ စစ်တမ်းကောက်သလိုမျိုးပေါ့” လို့ မန္တလေးမြို့သူ မမီးမီးက ဆိုပါတယ်။ Live ခလုတ်ကို မြို့နေလူတန်းစားအများစုပဲ အသုံးပြုတာများပြီး မြို့နေလူထုထဲမှာတောင် တချို့က မကြိုက်လို့ အသုံးမပြုဖူးဘူးလို့ဆိုတာတွေ ရှိပါတယ်။ “တစ်ခါမှမသုံးဖူးဘူး၊ ရှက်စရာကြီးလို့တောင် ယူဆတယ်” လို့ သတင်းထောက်တစ်ဦးအဖြစ်အသက်မွေးဝမ်းကျောင်းပြုနေသူ ကိုရန်နိုင် (အမည်လွှဲ) ကဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Facebook က တင်ဆက်လိုက်တဲ့ တိုက်ရိုက်တင်ဆက်မှုခလုတ်ဟာ မြန်မာနိုင်ငံကို အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိနေခဲ့ပါတယ်။ Live ကိုအသုံးပြုပြီး အောင်မြင်မှုရယူနိုင်သလို သတင်းတွေတင်ဆက်မှုကလည်း အပြိုင်အဆိုင်ရှိလာခဲ့ပါတယ်။

အခမ်းအနားတွေကို တိုက်ရိုက်တင်ဆက်ပေးတာမျိုးက ပျင်းစရာကောင်းပြီး Breaking News လိုမျိုး၊ အထင်ကရပုဂ္ဂိုလ်တစ်ဦးဦးရဲ့စကားသံကို အတိုချုပ် တိုက်ရိုက်တင်ဆက်ပေးတာမျိုးက ပိုစိတ်ဝင်စားစရာကောင်းတယ်လို့ ကိုရန်နိုင်က သုံးသပ်ပါတယ်။ Facebook မှာတိုက်ရိုက် တင်ဆက်ပြီး လူကြည့်များစေတဲ့အရာထဲမှာ Myanmar Idol လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ “တစ်ကမ္ဘာလုံးက တစ်ချိန်တည်းမှာ တိုက်ရိုက်ကြည့်နိုင်ခဲ့တယ်၊ အားလုံးရင်ခုန်သံတွေထပ်တူညီခဲ့တယ်လို့ ပြောရမှာပေါ့။  Facebook Live ဆိုရင်တော့ အဲဒီအစီအစဉ်ကိုပဲပြေးမြင်ပါတယ်”လို့ မမီးမီးကဆက်လက်ပြောကြားခဲ့ပါတယ်။
ကဏ္ဍအသီးသီးအတွက် Facebook Live ဟာ ပုံစံအမျိုးမျိုးအဖြစ် အသုံးဝင်နေတာကိုတော့ငြင်းမရဘူးလို့ ဆိုကြပါတယ်။

တိုက်ရိုက်တင်ဆက်ခြင်းရဲ့အားနည်းချက်ကတော့ အင်တာနက်လိုင်းမကောင်းရင် အလွယ်တကူလွှင့်လို့မရတာပါဘဲလို့ အသုံးပြုသူအများစုက ပြောကြားထားပါတယ်။ အသုံးပြုသူတွေ၊ ကြည့်ရှုသူတွေကို ဘာသက်ရောက်မှုရရှိပါသလဲလို့ မေးမြန်းရာမှာ အများစုဖြေကြားတာကတော့ စိတ်ကျေနပ်မှုတစ်စုံတစ်ရာရကြတယ်လို့ ဆိုကြတာပါပဲ။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment